Monday 29 June 2015

ပါတီတွင်း စည်းလုံးရေး ထိခိုက်နိုင်သောကြောင့် သမ္မတလောင်း ရွေးချယ်ထားမှုကို မထုတ်ပြန်သေးဟု ကြံ့ခိုင်ရေးပါတီဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သောကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်မည့် သမ္မတလောင်း မထုတ်ပြန်နိုင်သေးခြင်း ဖြစ် ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က The Voice သို့ ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံတော်သမ္မတ အရွေးချယ် ခံမည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ သမ္မတလောင်း ရွေးချယ်ထားမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ဆုံးဖြတ်ခြင်းဖြစ်ပြီး ပါတီမှ ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီသောလူသာ သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ခင်ဗျားတို့လည်း သိမှာပါ။ နိုင်ငံရဲ့ အဘက်ဘက်အခြေအနေအရ ဒီကိစ္စက ထုတ်ပြောလို့ မဖြစ်သေး ဘူးလေဗျာ။ ဒါပေမဲ့လည်း တော်တော်များများက ခန့်မှန်းမိမှာပါ” ဟု ၎င်းကဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်အရွေးချယ်ခံလိုကြောင်း လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ဖော်ပြောကြားထားသည်။ 

ထို့အပြင် လက်ရှိ အစိုးရသက်တမ်းအတွင်း သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်ကလည်း ပြည်သူများ လိုလားပါက သမ္မတအဖြစ် ထပ်မံယှဉ်ပြိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားထားသည်။ သို့သော်လည်း ပါတီအတွင်း ဦးသိန်းစိန် နှင့် သူရဦးရွှေမန်းအပြင် နိုင်ငံတော်သမ္မတ အဖြစ် အရွေးချယ်ခံလိုသူများလည်း ရှိနေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သတင်းမီဒီယာများကို ပြောဆို ထားသည်။

ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်းပါးများ ရေးသားသူ လယ်ရီဂျာဂင်ကလည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း နိုင်ငံတော်သမ္မတ အဖြစ် လျာထားသူမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြား ထားသည်။

The Voice Weekly 

No comments:

Post a Comment