Monday 29 June 2015

သမ္မတဦးသိန်းစိန် မွန်ဂိုလီးယားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်လုပ်ကိုင်လာသော မွန်ဂိုလီးယား သမ္မတ နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သုံးရက်ကြာ သွားရောက်လျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သမ္မတဦးသိန်းစိန်သည် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ဖိတ်ခေါ်မှုအရ ဇွန်လ ၂၈ ရက်မှ စတင်ကာ မွန်ဂိုလီးယားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး တစ်ဦးက ဆိုသည်။

ဦးသိန်းစိန်၏ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံးရက်ကြာခရီးစဉ်တွင် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj အပြင် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Khural Z.Enkhbold နှင့် ဝန်ကြီးချုပ် Ch.Saikhanbileg တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မွန်ဂိုလီးယား သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အဆိုပါခရီးစဉ်တွင် မြန်မာ၊ မွန်ဂိုးလီးယား နှစ်နိုင်ငံကြား သတ္ထုတွင်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးမည်ဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး အတွေ့အကြုံများကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မွန်ဂိုလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူများနှင့် Myanmar International ရုပ်သံသတင်း ဌာနတို့ကို တွေ့ဆုံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ် မေလအတွင်းက မွန်ဂို လီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လအတွင်းတွင်လည်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj နှင့် တွေ့ဆုံခဲ့သည့်အပြင် လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သေးသည်။

မွန်ဂိုလီးယားနိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် ဆိုဗီယက်ယူနီယံမှ ခွဲထွက်ကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု ရှိနေသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

မွန်ဂိုလီယားနိုင်ငံသည် လူဦးရေ သုံးသန်းနီးပါးသာ ရှိပြီး ရွှေ၊ ကြေးနီ အစရှိ သည် သတ္တုတွင်းထွက်များ ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းနိုင်ငံ၏ သယံဇာတ ထုတ်ယူသုံးစွဲသည့် နည်းစနစ်များ နည်းပညာ များကို မြန်မာနိုင်ငံကို အကူးအညီပေးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

အဆိုပါ နိုင်ငံသည် ရုရှား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စသည့် အင်အားကြီး ကွန်မြူနစ်နိုင်ငံ နှစ်နိုင်ငံ၏ အကြားတွင် တည်ရှိသော နိုင်ငံလည်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment