Monday 29 June 2015

မူးယစ်ဆေးဝါးမျိုးစုံပြည့်နှက်နေတဲ့ “ ၀ ” ဒေသနှင့် ကိုယ်ကျိုးရှာ မူးယစ်ရာဇာများ

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအများဆုံးထွက်ရှိနေတဲ့ ဒေသကိုပြပါဆိုရင် ရှမ်းပြည်နယ်အရှေ့မြောက် မှာရှိတဲ့ ၀ ဒေသကို လက်ညှိုးထိုးပြရမှာပါ။ ဒါပေမယ့် ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှု အပါအ၀င် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်လာတာ ၁၀ နှစ်ပြည့်လာပြီဖြစ်တဲ့အတွက် ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု မရှိတော့ဘူးဆိုပြီး ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၀ ဒေသမှာ တကယ်ပဲ ဘိန်းစိုက်ပျိုးမှုတွေမရှိတော့ဘူးလားဆိုတာ မသေချာပေမယ့်လို့ ယနေ့အချိန်အထိ ၀ ဒေသကနေ မူးယစ် ဆေးဝါးမျိုးစုံထွက်ရှိနေတုန်းပါပဲ။ ဒါကို ဖမ်းဆီးရမိတဲ့ ၀ ဒေသထွက် မူးယစ်ဆေးဝါးများက သက်သေခံနေ ပါတယ်။


အမေရိကန်တရားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ UWSA မှ အဆင့်မြင့် ခေါင်းဆောင်အားလုံးဟာ ဘိန်းဖြူကူးသန်းရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေကြတယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး UWSA အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်မဟုတ်ဘဲ အင်အားကြီးမားသည့် မူးယစ်ဆေးဝါး ဒုစရိုက် ဂိုဏ်းတစ်ခုဖြစ်ကြောင်းနဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးမှာလည်း မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများ ကို အဓိကထားလုပ်ကိုင်ကာ အဲဒီကနေရတဲ့ ငွေကြေးများကို ငွေဖြူဖြစ်အောင် တရားဝင်စီးပွားရေးလုပ်ငန်း များဖြင့် ဆောင်ရွက်နေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ ယနေ့အချိန်ထိလည်း UWSA က ခေါင်းဆောင်တွေ ကို မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် ဖမ်းဝရမ်းထုတ်ထားတာကို ပြန်မရုတ်သိမ်းသေးပါဘူး။ အမေရိကန် DEA ကလည်း တရုတ်နဲ့ညှိပြီး ဖမ်းဆီးဖို့အထိ စီစဉ်နေတယ်လို့ သတင်းများ ရရှိထားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံအတွင်းကနေ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်နေတဲ့ မူးယစ်ဆေးဝါး ၉၀ ရာခိုင်နှုန်း ဟာ ၀ ဒေသမှ ထွက်ရှိနေတာဖြစ်တယ်လို့လည်း ကုလမူးယစ်နှင့်ရာဇ၀တ်မှုဆိုင်ရာအဖွဲ့(UNODC) ထုတ် ပြန်ကြေညာထားပါတယ်။ ၀ ဒေသအတွင်းမှာ ဖွဲ့စည်းထားတဲ့ UWSA အဖွဲ့ဟာလည်း ၀ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာထက် ကိုယ်ကျိုးစီးပွားအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချရေး၌သာ အသုံးချနေသည့် အထောက်အထားများကိုလည်း ခိုင်ခိုင်မာမာတွေ့ရှိနေရပါတယ်။

ဝ ဒေသဟာ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေ ဘယ်လောက်ထိ ထုတ်လုပ်ခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်က မူးယစ်ရာဇာ အိုက်ပန်း က သက်သေပြနေပါတယ်။ အိုက်ပန်းကို ဖမ်းဆီးရမိခဲ့စဉ်က ဘိန်းဖြူဘလောက်တုံး ၉၀၀ ကျော်နဲ့ ဘိန်းမျိုးစေ့ ၉ ကီလိုကျော် သိမ်းဆည်းရခဲ့မိတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်း ၀ ဒေသမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်တယ်လို့ ၀ ခေါင်းဆောင်တွေ ပြောခဲ့ပေမယ့် ဘိန်းထက်ဆိုးတဲ့ စိတ်ကြွဆေးပြားတွေ တန်ထောင်ချီပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။

`` ထိုင်း - မြန်မာ နယ်စပ်မှာ ပြီးခဲ့တဲ့လက ၀ ဒေသထုတ် WY စိတ်ကြွဆေးပြားတွေကို ထိုင်းလုံခြုံရေး အဖွဲ့က ဖမ်းမိခဲ့တာ ရှိပါတယ်။ ဘယ်လောက်ထိများလဲဆိုရင် WY ဆေးပြား ၈ သိန်းကျော်တောင် ရှိပါ တယ်။ အဲ့ဒီလို နယ်စပ်မှာ ဖမ်းမိပြီး မကြာမီ ရက်ပိုင်းကလည်း တာချီလိတ်မှာ ၀ ဒေသထုတ် WY ဆေးပြား တွေ ထပ်မံဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။ အဲ့ဒီ ဆေးပြားတွေဟာ ၀ ဒေသက လာတာဆိုတော့ UWSA ခေါင်းဆောင်တွေ ပိုင်တာလို့ ပြောနိုင်ပါတယ်။ လက်ရှိအချိန်ထိလည်း ဆက်ပြီး ထုတ်လုပ်နေတုန်းပါပဲ ´´ ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးမျိုးစုံ ထုတ်လုပ်ရောင်းချရာကနေ ငွေကြေးအင်အားတောင့်တင်းလာတဲ့ ၀ ခေါင်းဆောင်တွေ ဟာ သူတို့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့အင်အားကို ပိုမိုတိုးချဲ့တည် ဆောက်လာတဲ့အတွက် အခုဆိုရင် မြန်မာနိုင်ငံအတွင်း တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားအတောင့်တင်းဆုံးလို့ ဆိုရမှာပါ။ ဒါကို အားကျပြီး ကေအိုင်အေ နဲ့ RCSS/SSA အဖွဲ့တွေကလည်း မူးယစ်ဆေးဝါးတွေကို သူ့ထက်ငါအပြိုင် ထုတ်လုပ်လာတာကို တွေ့ရှိရပါတယ်။

မူးယစ်ဆေးဝါးတွေကို ၎င်းတို့ကိုယ်ကျိုးအတွက် အပြိုင်အဆိုင်ထုတ်လုပ်နေကြတာ အခုဆိုရင် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေ တစ်နေ့တစ်ခြားပိုမိုများပြား လာခဲ့တာကြောင့် နိုင်ငံတော်အတွက် များစွာ ဆုံးရှုံးနစ်နာရပါတယ်။ မကြာခင်မှာ မူးယစ်ဆေးဝါးထုတ်လုပ် နေတဲ့ မူးယစ်ရာဇာများကို ဖမ်းဆီးနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံများနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ လည်း သိရှိရပါတယ်။ ဒါကြောင့် ၀ ဒေသမှ မူးယစ်ဆေးဝါးများ ပပျောက်ဖို့အတွက်ဆိုရင် မူးယစ်ရာဇာများ ကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့လိုအပ်နေပြီး လက်ရှိအချိန်မှာတော့ ၀ ဒေသဟာ မူးယစ်ဆေးဝါးမျိုးစုံ ထွက်ရှိနေ သေးသော ဒေသတစ်ခုသာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

မင်းကို
‪အင်းလေးမီဒီယာ‬

No comments:

Post a Comment