Tuesday 5 May 2015

မတေးနုယဉ်၏ ဒဏ်ရာများမှာ သေစေနိုင်ကြောင်း မှုခင်းဆရာဝန် ထွက်ဆို

ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးကို စစ်ဆေးလျက်ရှိသော သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ် အသတ်ခံရမှုအပေါ် မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ ရုံးချိန်း၌ မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းက သေဆုံးသူ မတေးနုယဉ်၏ ဒဏ်ရာများမှာ သေစေနိုင်သော ဒဏ်ရာများဖြစ်ကြောင်း ထွက်ဆိုလိုက်သည်။

အဆိုပါရုံးချိန်းတွင် သေဆုံးသူ မတေးနုယဉ်၏ ရုပ်အလောင်းကို စစ်ဆေးခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်နေသည့် မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းကို တရားလိုပြသက်သေ အဖြစ် စစ်ဆေးခဲ့ကြောင်း၊ သေဆုံးသူ မတေးနုယဉ်ကို ရင်ခွဲစစ်ဆေးချက်များအရ ညာဘက်နံရိုး အမှတ် ၂ မှ ၁၂ အထိ လည်းကောင်း၊ ဘယ်ဘက်နံရိုး အမှတ် ၃ မှ ၁၂ အထိ လည်းကောင်း ကျိုးနေသည့်အပြင် ရင်ဘတ် အတွင်းရှိ အသည်းစုတ်ပြတ်ခြင်း၊ ရင်ခေါင်းကျိုးကျေပြီး ရင်ခေါင်းအတွင်း သွေးလွန်နေခြင်း၊ ကျောက်ကပ် အတွင်း သွေးခြည်ဥ ဒဏ်ရာများမှာ မတေးနုယဉ်ကို သေစေနိုင်သော ဒဏ်ရာများဖြစ်ကြောင်း ဒေါက်တာ ဇော်မင်းက ထွက်ဆိုခဲ့သည်။

“ဆရာဝန်ရဲ့ ထွက်ဆိုချက်ကို အားရပါတယ်။ သူတို့ရှေ့နေကတော့ အခုထိ လုံးထွေးသတ်ပုတ်ပြီး ခုတင် ပေါ်ကနေ ပြုတ်ကျတာလို့ ပြောနေတုန်း။ ရှေ့နေဆိုတော့ သူ့ရဲ့အမှုသည်ကို ဥပဒေနဲ့အညီ ကာကွယ် ပေးရ မယ့် တာဝန်တော့ ရှိတာပေါ့။ အမှုမှန်ကတော့ အချိန်တန်ရင် ပေါ်လာ မှာပါ” ဟု တေးနုယဉ်၏ မောင်တော်စပ်သူ ကိုစည်သူမောင်က ပြောဆိုသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီခွဲခန့်က သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး နေအိမ်တွင် ဒါရိုက်တာ မင်းအုပ်စိုးက ဝန်ထမ်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ် (ခ) နုနုရင်ကို လူမှုရေးကိစ္စ မေးမြန်းကာ ထိုးကြိတ်ကန်ကျောက်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း၊ ယင်း ကြောင့် မင်းအုပ်စိုးကို ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆို ခဲ့ကြောင်း ဗဟန်းမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

မတေးနုယဉ် အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးလျက် ရှိရာ တရားလိုပြသက်သေ ၁၂ ဦးအနက် ၁၁ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း၊ မေလ ၆ ရက်နေ့တွင် ကျန်ရှိ သော တရားလိုပြ သက်သေကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံး ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly 

No comments:

Post a Comment