Tuesday 5 May 2015

လစ်ဗျားပင်လယ်အတွင်းမှ ဒုက္ခသည် ၅ဝဝဝ ကျော်ကို အီတလီနှင့် ပြင်သစ် သင်္ဘောများကယ်တင်

လစ်ဗျားနိုင်ငံကမ်းခြေမှ ပင်လယ်အတွင်းသို့ စွန့်စားထွက်ခွာလာသည့် ရွှေ့ပြောင်း နေထိုင်သူ ၅၈ဝဝ ခန့် ကို အီတလီနှင့်ပြင်သစ်သင်္ဘောများက ကယ်တင်နိုင်ခဲ့ကြောင်းနှင့် သေဆုံးသူ ၁ဝ ဦး၏ အလောင်းများကို ဆယ်ယူနိုင်ခဲ့ကြောင်း အေဘီစီသတင်းဌာနက ယနေ့ ဖော်ပြထားသည်။

ရွှေ့ပြောင်းနေထိုင်ရန် ကြိုးစားသူများသည် သစ်သားလှေများ၊ ရော်ဘာ လှေများဖြင့် ပင်လယ်ပြင်ကို ဖြတ်သန်းကာ ဥရောပတိုက်သို့ ရောက်ရှိရန် ကြိုးပမ်းခဲ့ကြသူများဖြစ်ပြီး ယနေ့နံနက်တွင် ရွှေ့ပြောင်း နေထိုင်သူ ၉ဝဝ ခန့်ကို အီတလီမြေပေါ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ပင်လယ်ပြင်မှတစ်ဆင့် ဥရောပသို့ဖြတ်ကူးဝင်ရောက်သူ အနည်းဆုံး ၁၇၅ဝ ခန့် သေဆုံးခဲ့ ကြောင်းနှင့် ယမန်နှစ် ပထမလေးလပတ် တွင် ၉၆ ဦးသေဆုံးခဲ့ရာ ယခုနှစ်တွင် သိသိသာသာမြင့်တက် လာခဲ့သည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဧပြီလ အတွင်းတွင်လည်း ပင်လယ်တွင်းမှ နေ၍ ရွှေ့ပြောင်း ဝင်ရောက်သူ ၆၅ဝဝ ခန့်ကို ကယ်တင်ခဲ့ရသည်။

လာမည့်သီတင်းပတ်များအတွင်း ပင်လယ်ပြင်ရာသီဥတုကောင်းမွန်ဖွယ်ရှိရာ လူကုန်ကူးသူများသည် ရာသီ ဥတု ကောင်းမွန်ခြင်းကိုအခွင့်ကောင်းယူပြီး ပိုမိုများပြားသော ရွှေ့ပြောင်းနေထိုင်သူများကို ဥရောပတိုက်သို့ ပို့ဆောင် ဖွယ် ရှိကြောင်း အီတလီကမ်းခြေစောင့်ရဲတပ်ဖွဲ့က ပြောသည်။ 

ယမန်နေ့တွင်လည်း အီဂျစ်ကမ်းခြေမှ ဥရောပတိုက်သို့ လာရောက်ရန် ကြိုးပမ်းသူများထဲမှ သုံးဦးသေဆုံးပြီး ၃၁ ဦးကို ကယ်တင်ခဲ့ရကြောင်း သိရသည်။ 

ပြီးခဲ့သည့်လအတွင်း ဥရောသမဂ္ဂခေါင်းဆောင်များသည် အရေးပေါ် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး အဆိုပါရွှေ့ပြောင်းနေထိုင်သူများနှင့် လူကုန်ကူးသူများ၏ပြဿနာကို အဖြေရှာရန် ဆွေးနွေးခဲ့ကြသည်။ 

T1P(Ref:ABC)
The Union Daily 

No comments:

Post a Comment