Tuesday 5 May 2015

မန္တလေးကျုံးရေ သန့်ရှင်းရေး မှော်ဆယ်ယာဉ် ခုနစ်စီးသုံးကာ သန့်စင်မည်

မန္တလေးကျုံးရေ သန့်ရှင်းရေးအတွက် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက နေ့စဉ် နံနက် ၆ နာရီမှ ၁၁ နာရီအထိ မှော်ဆယ်ယာဉ် ခုနစ်စီးဖြင့် သန့်ရှင်းရေး လုပ်ပေးမည်ဟု ပန်းဥယျာဉ်နှင့် ကစားကွင်း ဌာနမှူး၊ ကျုံးတာဝန်ခံ ဦးလှမြင့်က ပြောသည်။

"အခုအဓိက ရှင်းနေရတာကတော့ အမှိုက်တွေပေါ့။ ကျုံးထဲကို သေချာပစ်ကြတာတော့ မဟုတ်ဘူး။ အမှုမဲ့ အမှတ်မဲ့ ပစ်မိတာလည်း ရှိတယ်။ လေလွင့်ပြီး ကျတာလည်းရှိနေတယ်။ ဒါတွေ ရှိနေတော့ မြင်လို့လည်း မကောင်းဘူး။ သောက်သုံးရေ အသုံးပြုသူအတွက်လည်း အဆင်မပြေဘူး။ ဒါကြောင့် အခုလို နေ့စဉ် သန့်ရှင်းမှုကို လုပ်တာပါ။ ဒီအတွက် သီးသန့် ဝန်ထမ်းတော့မရှိဘူး။ ကျွန်တော်တို့ ဌာနက ဝန်ထမ်းတွေနဲ့ပဲ လုပ်နေပါတယ်"ဟု ၎င်းက ပြောသည်။

မှော်ဆယ်ယာဉ်များတာဝန်ခံ ဦးကျော်ကျော်ကလည်း "အရင်နဲ့ အခုကတော့ မတူဘူး။ အရင်က ဗေဒါနဲ့ မှော်လောက်ပဲ ရှိတယ်။ အဲဒီတုန်းက ရေကို မထိခိုက်ဘူး။ ရှင်းရတာ အဆင်ပြေတယ်။ အခုဟာ ပလတ် စတစ် အိတ်တို့ ဘူးခွံတို့ ပုလင်းခွံတို့ ဖြစ်နေတယ်။ ကျုံးရေသန့်ရှင်းဖို့ အားလုံးမှာ တာဝန်ရှိတယ်။ ဝိုင်းဝန်း ထိန်းသိမ်း လိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ" ဟု ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျုံးအတွင်း အမှိုက်များ မစွန့်ပစ်နိုင်ရန် စောင့်ကြည့် မှုများ ပြုလုပ်လျက် ရှိနေသည်။

Mizzima - News in Burmese 

No comments:

Post a Comment