Wednesday 11 February 2015

CIMA မှ ပေးအပ်သော နိုင်ငံတကာ ထူးချွန်ဆုကို ပထမဦးဆုံး အကြိမ် မြန်မာကျောင်းသူနှစ်ဦး ရရှိ


Chartered Institute of Management Accountants (CIMA) မှ ပေးအပ်သော နိုင်ငံတကာထူးချွန်ဆုကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျောင်းသူနှစ်ဦးဖြစ်သည့် မသီတာဦးနှင့် မဖြူလင်းကျော်တို့မှ ရရှိခဲ့ကြောင်း သိရသည်။

CIMA မှပေးအပ်သော နိုင်ငံတကာ ထူးချွန်ဆုကို ရရှိခဲ့သူနှစ်ဦးထဲမှ မသီတာဦးသည် CIMA Professional Gateway စာမေးပွဲတွင် ကမ္ဘာ့အမှတ်အများဆုံး ရရှိခြင်းအတွက် ပေးအပ်ခံရခြင်းဖြစ်ပြီး CIMA ၏ သက်တမ်း တစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျောင်းသူတစ်ဦးမှ ကမ္ဘာ့အမှတ် အများဆုံးအဖြစ် ထိပ်ဆုံးနေရာတစ်ခုကို ရရှိခြင်းဖြစ်ကြောင်း သိရသည်။ အခြားထူးချွန်ဆုရရှိခဲ့သူ မဖြူလင်းကျော်သည် CIMA Professional Gateway စာမေးပွဲတွင် ကမ္ဘာ့ တတိယ အမှတ်အများဆုံး ရရှိခဲ့၍ နိုင်ငံတကာထူးချွန်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာထူးချွန်ဆု ရရှိခဲ့သူနှစ်ဦးမှာ ZawBusiness School မှ ဆရာမများ ဖြစ်ကြကြောင်း သိရသည်။
မသီတာဦးမှာ Zaw Business School ၏ ဆရာမနှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိကာ Zaw Business Consulting တွင် အတိုင်ပင်ခံ/အကြံပေး (Consultant) တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူမသည် International Federation of Accountants (IFAC) ၏ အဖွဲ့ဝင် စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှပေးအပ်သော ကျွမ်းကျင်ပညာရှင်အဆင့် သင်ကြားတတ်မြောက်မှု လက်မှတ် (Professional Qualification) တစ်ခုရရှိပြီးသူများ ပါဝင်ဖြေဆိုနိုင်သည့် CIMA Professional Gateway စာမေးပွဲကို ဖြေဆိုရန် ခြောက်လသာအချိန်ယူ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ သူမအတွက် CIMA မှ ပေးအပ်သော သင်ကြားတတ်မြောက်မှု လက်မှတ်သည် Business, Finance နှင့် Management စသောဘာသာရပ်များကို အဓိကထားသောကြောင့် သူမ၏ အတိုင်ပင်ခံ/အကြံပေး (Consultant) အလုပ်ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်မ အတန်းတွေကို ပုံမှန်တက်ခဲ့ပြီး စာအလွတ်မခံခဲ့ပါဘူး။ ပြီးတော့ ပုံမှန်လည်း စာလုပ်ခဲ့ပါတယ်။ အဲ့ဒါတွေအပြင် မေးခွန်းဟောင်းတွေနဲ့ ကျောင်းတွင်း အစမ်းစာမေးပွဲတွေကို ဖြေဆိုပြီး ယုံကြည်မှု တည်ဆောက်ခဲ့ပါတယ်။ စာမေးပွဲ မေးခွန်းတွေကို ကြိုမှန်းပြီး ရွေးချယ်ကျက်မှတ်တာမျိုး မလုပ်ခဲ့ပါဘူး။ အကြားအမြင်မရှိတဲ့အတွက် စာမေးပွဲမေးခွန်းဆိုတာ ကြိုတင်မှန်းဆပြီး ရွေးချယ်ကျက်မှတ်တာမျိုး ဘယ် တော့မှ မလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့ စာလုပ်ချိန် ဒါမှမဟုတ် စာလုပ်ဖို့ အချိန်ဇယားထားတာနဲ့ဘာသာရပ်တိုင်းအတွက် ဆရာကောင်းရွေးချယ်တာလည်း အရေးကြီးပါတယ်” ဟု မသီတာဦးက သူမ၏အောင်မြင်မှုအတွက် ကြိုးစားခဲ့ပုံကို ပြောသည်။
မသီတာဦးကဲ့သို့ပင် မဖြူလင်းကျော်၏ အောင်မြင်မှု လျှို့ဝှက်ချက်မှာ ပုံမှန်စာလုပ်ခြင်း၊ စာမေးပွဲ မေးခွန်းပုံစံနှင့် ရင်းနှီးစေရန် မေးခွန်းဟောင်းများ ဖြေကြားခြင်းတို့ဖြစ်ပြီး စာမေးပွဲမေးခွန်းအပေါ် အချိန်ခွဲဝေပေးခြင်းသည်လည်း အရေးပါခဲ့ကြောင်းသိရသည်။
မသီတာဦးနှင့် မဖြူလင်းကျော်တို့သည် CIMA ၏ သင်ကြားတတ်မြောက်မှု လက်မှတ်ကိုရရှိရန် ကျန်ရှိနေသေးသော ဘာသာရပ်လေးခု ကို ဖြေဆိုပြီး Chartered Global Management Accountants (CGMA) များဖြစ်လာရန် ရည်မှန်းထားကြကြောင်း သိရသည်။
Chartered Institute of Management (CIMA) သည် ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့အအောင်မြင်ဆုံးနှင့် အကြီးမားဆုံးသော စီမံခန့်ခွဲမှုဆိုင်ရာ စာရင်းပညာရှင်မျာ၏ အဖွဲ့အစည်းတစ်ခုဖြစ်ကာ အသင်း ဝင်ပေါင်း ၂၁၈,၀၀၀ ကျော်နှင့်နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှ ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည်။ CIMA အသင်းဝင်များနှင့် ကျောင်းသားများသည် စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးရာ လုပ်ငန်းများနှင့် အမြတ်အစွန်းအတွက် မဟုတ်သော အဖွဲ့အစည်းများတွင် တာဝန်များထမ်းဆောင်လျက်ရှိကြောင်းသိရသည်။
Internet Journal

No comments:

Post a Comment