ရန်ကုန်ဘူတာကြီးအတွင်းမှ ထွက်လာခဲ့ပြီး ပန်းဆိုးတန်းတံတားပေါ်အရောက်ပါလာသည့် ကလေးနှစ်ဦးအား တစ်နေကုန်ထားသွားခဲ့သည့် အမျိုးသမီးတစ်ဦး အမှန်တ ကယ်ပင်ရှိနေပါသည်။ နေလောင် အသားအရောင်နှင့် ခပ်နွမ်းနွမ်းအဝတ်အစားကို ဝတ်ဆင်ထားသူအသက် ၄ဝ ကျော်အရွယ်ရှိ ယင်းအမျိုးသမီးက မနက် ၈နာရီဆိုလျှင် ကလေးများအား နေရာချ၊ညနေ ၆ နာရီဆိုလျှင် လာခေါ်နှင့် နေ့စဉ်မပျက်မကွက် လုပ်နေသူလည်း ဖြစ်သည်။
ထိုအမျိုးသမီး တံတားပေါ်တွင် ထား ခဲ့သော ကလေးနှစ်ဦးမှာ အသက်ခုနစ်နှစ်အရွယ် နှင့် အသက် နှစ်နှစ်ခွဲအရွယ်ရှိ မိန်းကလေးနှစ်ဦး ဖြစ်ပြီး ကလေးများသည် ဖိနပ်များစီးမထားကြ။ ယင်းအပြင် တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုတစိုက် စောင့်ရှောက်ခြင်းမခံရသလို အဝတ်အစားများတွင်လည်း ချေးအထပ်ထပ်။ အမျိုးသမီးကမူ ကလေးများ၏ မလှမ်းမကမ်း တစ်နေရာတွင် ရှိနေသော်လည်း ကလေးများနှင့် လားလားမျှ မဆိုင်သလို နေနေတတ်သည်။
သို့သော် ကလေးများလက်ထဲ ဖြတ်သွားဖြတ်လာလူအများပေးသော ပိုက်ဆံများလာလျှင်သော်လည်းကောင်း၊ ထမင်းစားချိန်သို့ ရောက်လာလျှင်သော်လည်းကောင်း ကလေးများထံ ရောက်သွားတတ်သည်။ ထိုသို့သောလုပ်ရပ်က တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ လပေါင်းများစွာ ကြာလာနေပြီဖြစ်၍ အနီးအနားနှင့် ဖြတ် သွားဖြတ်လာတို့ပင် သူတို့ကို သတိထားမိလာနေသည်။ ထိုအမျိုးသမီးသည် အမှန်တကယ်တော့ အဆိုပါက လေးနှစ်ဦး၏ မိခင်ဟုဆိုပါသည်။ ”ယောက်ျားက နယ်မှာ အလုပ်သွားလုပ်တယ်။ ကျွန်မက ဒီမှာကျန်ခဲ့တယ်။ နေထိုင်စားသောက်ရတာအဆင်မပြေလို့ကလေးတွေကို ခုလိုလုပ်ခိုင်းတာပါ။ မပြေလည်တာကြောင့် ယာယီ လုပ် ခိုင်း တဲ့သဘောပဲ”ဟုပြောသည်။ ထိုစကားက မိခင်ဖြစ်သူ၏စကားသံတစ်ခုပင်။ သူကိုယ်တိုင်ကမူ တောင်းရမ်းသည့်အလုပ်ကို မလုပ်ကြောင်း ဝန်ခံခဲ့သည်။
ရင်နာစရာမြင်ကွင်းများ ရှိနေသည့် နိုင်ငံ
”သားနာမည်က ဝေယံမင်းပါ။ အသက်က ၁၃ နှစ်ရှိပြီ။ သားမှာအစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတယ်။ သားတို့ဇာတိက ကော့သောင်းကပါ။ သားတို့က ဆင်းရဲ တယ်။ သားတို့ ဆင်းရဲလို့ အဖေကအမေနဲ့ထားခဲ့ပြီး အဝေးကိုထွက်သွားတယ်။ သားကို ရန်ကုန်မှာအလုပ်ရမယ်ဆိုပြီး အမေ့ဆီကနေ မေမေကြီး ကလာခေါ် တယ်။ မေမေ့ကိုလည်းပိုက်ဆံတွေပေးထားတယ်။ မေမေ နဲ့ ညီမလေးအဆင်ပြေအောင် သားနဲ့ကိုကို ရန်ကုန်ကိုတက်လာတယ်” ဟု စကားဆိုလာသူက လှည်းတန်း အပါ အဝင် နေရာအစုံတွင် ပိုက်ဆံတောင်းရမ်းနေသည့်ကလေးငယ်တစ်ဦး၏အ ပြောပင်ဖြစ်သည်။
ကလေးငယ်၏ အပြောအရသူနှင့် သူ၏ အစ်ကို သားချောတို့နှစ်ဦးစလုံး ရန်ကုန်သို့ လွန်ခဲ့သည့် ၈ လကတည်းက ရောက်ရှိခဲ့ပြီး၊ စရောက်ခါစတွင် လက်ဖက်ရည်ဆိုင်တွင် လအနည်းငယ်လုပ်ကိုင်ခဲ့ရသည်ဟု ဝေယံမင်းကဆိုသည်။ ”အစကသားက လက်ဖက်ရည်ဆိုင်မှာ ကိုကိုနဲ့ အတူတူအလုပ်လုပ်တယ်။ ကိုကိုရောသားရော စားပွဲထိုး၊ ပန်း ကန်ဆေးတာကအစ လုပ်တယ်။ သားကြောင့် လက်ဖက်ရည်ဆိုင်မှာ ပန်းကန်ခဏခဏကွဲလို့ ကိုကိုရောသားရော အရိုက်ခံတယ်။ ဒါနဲ့ သားတို့ထွက်ပြေးခဲ့ကြ တယ်။နော က် အခု သား တောင်းတဲ့အလုပ်လုပ်နေတယ်”ဟု အဆိုပါကလေးငယ်က ဆိုသည်။ ကလေးငယ်၏ပုံစံက အသက် ၁၃ နှစ်ဟုသာ ဆိုသော်လည်း အသက် ၁ဝ နှစ်လော က်သာ ထင်ရသည်အထိ လူကောင်သေးညှက်လွန်းသည်။ ယင်းအပြင် အသားအရေက ခြောက်ကပ်ကာ မည်း၍ ပိန်နေသေးသည်။ သူ့အပြင် ရန်ကုန်ဆူးလေ ပတ်ချာ လည်တွင် ပိုက်ဆံတောင်းနေသူ နောက်ထပ်တစ်ဦးလည်း ရှိနေပါသေးသည်။
”မုန့်ဖိုးနည်းနည်းလောက်ပေးပါ”ဟု လူအများအကြားတိုးဝင်၍လည်းကောင်း၊ တစ်ယောက် ပြီးတစ်ယောက်ရှေ့တွင်တစ်ဖုံ ပိုက်ဆံများလိုက်တောင်းနေသူက ယမင်းဟု ဆိုသော အသက် ၁ဝ ခန့်ရှိ မိန်းကလေးငယ်တစ်ဦးပင်ဖြစ်သည်။ အဝတ်အစား ခပ်ညစ်ညစ်၊ စကားပြောလည်း မချို၊ ဆံပင်ကနီရဲနေကာ သန်းများဗရပွနှင့် ယင်း မိန်း ကလေး ငယ်က သူ၏အဖေအတွက် တောင်း နေရပါသည်ဟု ဆိုသည်။ ”အဖေက အရက်သောက်တတ်တယ်လေ။ပိုက်ဆံတွေရလာရင် သမီးညီမလေးတွေပါ ထမင်း စားရတယ်”ဟု သူမက ဆိုသည်။ နေထိုင်စရာ ကျုးကျော် တဲပင်မရှိ၊ မိသားစု နှင့်အတူ လမ်းဘေးတွင် ဒီအတိုင်းအိပ်ရပြီး၊ ပိုက် ဆံမရပါက အမှိုက်ပုံထဲတွင် စားစရာ ရှာရ သည် ဟု သူမကပြောပြသည်။ ထိုမြင်ကွင်းမျိုးက ရန်ကုန်အပါအဝင် မန္တလေး၊ ပြည်၊ ပဲခူး၊ မြဝတီ၊ ဘားအံ၊ စစ်တွေ စသောမြို့ကြီး တို့တွင် တွေ့နေရ တတ်သော မထူး ဆန်းသော မြင် ကွင်းများပင်ဖြစ်သည်။ ထိုထဲမှ တောင်းရမ်းစား သောက်နေသူများကြား ကလေးငယ်များ၏ဘဝ ဖြစ်ရပ်အချို့ပင်။
တောင်းရမ်းစားသောက်ခြင်းအမှု
မြန်မာမှာ ဘယ်အချိန်က အစပြု
တောင်းရမ်းစားသောက်သူများဟုဆိုလျှင် အများစုက ဘုရားကျွန်တို့ကို ဦးဆုံးသွားမြင်ကြတတ်သည်။ မျိုးနှင့်ရိုးနှင့် လုပ်ကိုင်စား သောက်သူများ ဟုလည်းပြော တတ်ကြ သည်။ ထိုသို့ဆိုလျှင် ပုဂံခေတ်က ကျွန်များကိုဘုရားသို့လှူသောဓလေ့များမှ စတင်ကောက်နုတ်ရပေတော့မည်။ ဘုရားကျွန်ဆိုသည်ကို ကျောက်စာ မှတ်တမ်းများ အရ ယုတ်ညံ့သောအမျိုးများ မဟုတ်ကြသည့် အပြင် တောင်းစားသည့်မျိုးရိုးများလည်း မဟုတ် ကြဟုဖော်ပြထားသော်လည်း ဘုရားကျွန်အဖြစ် သို့လှူခံရပြီးနောက်ပိုင်း စား ဝတ်နေရေးခက်ခဲ လာကာ (ဒွန်းစဏ္ဍားများ)တောင်းရမ်းစားသောက် သူများဘဝသို့လည်းကောင်း၊ (စဏ္ဍာလများ) သုသာန်စောင့်များ၊ ဈာပနကိစ္စဆောင်ရွက် သူများ ဘဝ သို့လည်းကောင်း ရောက်ကုန်ကြရသည်ဟုဆိုထားသည်က ရှိထားရာ ယနေ့လူတို့၏ အမြင် များကမှားအံ့ဟု မဆိုနိုင်ဖွယ်ရာ။
ဤသည်က သမိုင်းမှတ်တမ်းများအရ ခေတ်အဆက်ဆက် တောင်းရမ်းစားသောက်ကြသူတို့ ရှိကြောင်းဖော်ပြထားမှုများပင်။ သို့သော်လည်း ထိုလူတန်းစားတို့ကို ၁၃ဝ၉ ခုနှစ်၊ ပြာသိုလပြည့် ကျော် ၉ ရက်၊ တနင်္ဂနွေနေ့တွင် နိုင်ငံတော် တိုင်း ပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ သမ္မတကြီး စဝ်ရွှေသိုက်က ”ရာဇဝင်တွင် ရှေးအခါက စ၍ ရှေး မင်းများ၏ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ သင်ချ စသည်တို့ကို ယနေ့မှစ၍ ရှေးမင်းတို့၏ အာဏာ ကို ကျွန်ုပ်ပယ်ဖျက်၍ ထိုသူ တို့၏ သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လွတ်လပ်စွာလုပ်ကိုင် နိုင်ကြစေဟူ၍ ကျွန်ုပ်အမိန့်ချမှတ်သည်’ဟု ထုတ် ပြန်ကြေညာခြင်းနှင့် အစိုးရကိုယ်တိုင် ထိုသူ များနှင့် ထမင်းလက်ဆုံစားပွဲများ ကျင်းပကာ သက် သေပြခဲ့ကြောင်း ဆရာဦးသီဟ(ဒဂုံတက္ကသိုလ်)က ရေးသားခဲ့သည်။ ထိုအချိန်မှစကာ ရှေးမြန်မာ ဘုရင်များလက် ထက် က နိမ့်ကျသည့် လူတန်းစား တစ်ရပ် အဆုံးသတ်သွားပြီဖြစ်သည်။
ယခုအချိန်ထိ တောင်းရမ်းစားသောက်သူတို့ အဘယ့်ကြောင့် ဆက်ရှိနေကြသနည်း
ရိုးရာအယူအဆကြောင့် အရေပြားရောဂါရရှိ မည်ကို စိုးရိမ်ပြီး တောင်းရမ်းစားသောက်နေရသူ တို့ လက်ရှိတွင် ရှိနေဆဲဖြစ်သလို၊ ဆင်းရဲခြင်းကို အကြောင်းပြုကာ မျိုးရိုးနှင့်မဟုတ်သော တောင်း ရမ်းစားသောက်သူတို့ကို ယနေ့ထိတိုင် မြန်မာတွင် တွေ့နေရဆဲဖြစ်သည်။ ထိုတောင်းရမ်းစား သောက်သည့်သူများသည် နေရာတိုင်း၊ မြို့တိုင်း၊ နယ်တိုင်းတွင် အများအားဖြင့် ရှိတတ်ကြသည်။
”မပြေလည် လွန်းလို့ တောင်းရတာပါရှင်။ ဒုက္ခ တွေ ရောက်လွန်းလို့ပါ”ဟု ၁ဝ နှစ်ပင် မပြည့်သေး သည့် ကလေးငယ်နှစ်ဦးကို လက်တွဲပြီး ညပိုင်းအ ချိန်ရောက်လျှင် ရန်ကုန်မြို့လယ်၌ တစ်လမ်းဝင် တစ်လမ်းထွက်ပြီး တောင်းရမ်းစားသောက်နေသူ အသက် ၆ဝ ကျော် အမယ်အိုတစ်ဦးက ဆိုသည်။တစ်နေ့လျှင် ကျပ်လေးငါးထောင်နီးပါး ရတတ်သည်ဟု သူမက ပြောသော်လည်း ကလေးနှစ်ဦး နှင့် သူမကို မှီခိုနေသူတွေကြောင့် ထိုငွေက မလောက်င ဟု ငြီးတွားသည်။
နေထိုင်စရာ မရှိ၊ ပြည်ကမ်းနားနှင့် ပြည်ဘူတာဘေးတွင် ကြုံသလို နေထိုင်ကာ ဘဝ ကို ဖြတ်သန်းနေသည့် တောင်းရမ်းစားသောက်နေ သော မိသားစု ၃ စုကို မေးမြန်းရာ တွင်လည်း အဆင်မပြေ ဆင်းရဲလွန်းပြီး၊ ၎င်းတို့ကို မည်သူက မှလူရာမသွင်း၊ ဘာမှလည်း မလုပ်တတ်၊ ထိုအတွက်ကြောင့် တောင်းရမ်း စားေ သာက်နေ ရပါသည်ဟု ပြောကြသည်။ သို့သော် တောင်းရမ်းစားသောက်သူအများစု ကတော့ မျိုးရိုးမရှိပါဟု ပြောကြသည်။ ဆင်းရဲခြင်းကို လက်ညှိုး ဝိုင်းထိုးကြသည်။ ယင်း သို့ေ သာ တောင်းရမ်းစားသောက်သူတို့၏ ပမာဏအရေအတွက်က မနည်းလှပေ။ အတော်အသင့်ကြီးမားသည့် မြို့တစ်မြို့ဟုဆိုရမည့် ပြည်မြို့ တစ်မြို့ ထဲမှာ ပင် တောင်း ရမ်း စားသောက် သူအရေအတွက်က အနည်းဆုံး ၃ဝဝ ကျော်သည် ဟု ပြည်ဒေသခံ ရှေ့နေဦးမြင့်အေးက ပြောသည်။ ထို့အတူ ရန်ကုန်၊ မန္တလေး၊ မကွေးစ သည်တို့ တွင် လည်း ရာနှင့်ချီသည့် တောင်းရမ်းသူတို့ ရှိနေပြန်သည်ဟု အဆိုပါရှေ့နေကဆိုသည်။
အနာဂတ်မြန်မာ ကလေးငယ်အချို့တို့ သူတောင်းစားဘဝ ဘယ်လိုရောက်
မြန်မာနိုင်ငံတွင် ဒွန်းစဏ္ဍားမရှိတော့ပါဆို သည့် ဆောင်းပါးရေးသားခဲ့သူ ဦးသီဟ(ဒဂုံတက္က သိုလ်)က ဆင်းရဲတွင်းနက်နေသူများဟု အကြောင်း ပြချက်ပေးကာ တောင်းစား သူများသည် ဆင်းရဲ၍ ဖြစ်သလို ရုန်းကန်လုပ်ကိုင်စားသောက်နေသူများ ထဲမှ ခွဲထွက်နေသဖြင့် ၎င်းတို့လုပ်ရပ်ကိုအချောင် စိတ်ဓာတ်ဟု အဓိပ္ပာယ်ဖွင့်ခဲ့ဖူးသည်။ သူ၏ စကားက လွန်အံ့မထင် လက်တွေ့အခြေအနေနှင့် တိုက်ဆိုင်မှုတို့ရှိ နေသည်။
Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက”မိခင်မေတ္တာကြီးမားတယ်ဖွဲ့ဆိုကြပါတယ်။ ဘာကြောင့်မိဘရင်းတွေက ကိုယ့်ကလေးကို ဒီလိုနေ့ပြန်စားနဲ့ငှားပြီး စီးပွားရှာသလဲဆိုတော့ စားဝတ်နေရေးလို့ ခေါင်းစဉ်တပ်ကြပါတယ်။ ဒါက ကျွန်တော်တို့ ခွင့်လွတ်နိုင်တဲ့ ဆင်ခြေမဟုတ်ဘူး”ဟုပြောသည်။ ထိုအဖြစ်အပျက်များက ယခု မှတော့ မဟုတ် ကြာမြင့်နေပြီ ဖြစ်သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ယခုအချိန်အထိ မဆိတ်သုဉ်းသွားပဲ ရှိနေသေးသည်။
”သားတို့မှာ မိဘတွေရှိတယ်။ သားတို့ကို အဝေးကနေလှမ်းကြည့်နေတယ်။ ပိုက်ဆံရမှအိမ်ပြန်ရတယ်”ဟု ရွှေတိဂုံစေတီတော်ဝန်းကျင်တွင် တောင်းရမ်းနေသည့် ကလေး ငယ်နှစ်ဦး၏ ယခုရက်ပိုင်းအတွင်းပြောကြားမှုကလည်း ယခု အစိုးရလက်ထက်တွင် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း သက်သေပိုမိုခိုင်မာသွားသည်။ ”မန္တလေးမှာ တောင်း ရမ်းကလေးတွေရဲ့ မိဘအချို့တွေကို အထင်မသေးနဲ့နော် မနက်မနက်ဆို ကလေးကိုဆိုင်ကယ်နဲ့လာချသွားတယ်။ ဆိုင်ကယ်နဲ့ ပြန် လာခေါ် တယ်”ဟု နောက် ထပ်သ က်သေအနေဖြင့် ဘူတာကြီးဝန်းကျင်လေလွင့် ကလေးများအား စာသင်ပေးရာတွင်လုပ်အားပေးနေသူ အမည်မဖော်လိုသူ တစ်ဦးက ပြောပြသည်။
မိဘတို့အပြင် သူတို့ကို ဘယ်သူတွေက အမြတ်ထုတ်ကြသေးလဲ
ကလေးများကို တလွဲ အမြတ်ထုတ်သူများကြောင့်လည်း ကလေးအချို့မှာ သူတောင်းစားအဖြစ်သို့ မရည်ရွယ်ဘဲရောက်လာမှုတို့ရှိနေပြန်သည်။ ”မေမေကြီးက နင်တို့ တစ်နေ့ကိုပိုက်ဆံ လေးထောင်မှမရရင်အိမ်ပြန် မလာနဲ့ပြောတယ်။ ဒါနဲ့ ခု ပိုက်ဆံတောင်းတဲ့အလုပ်ကို လုပ်နေရတယ်”ဟု ပြောသူက လှည်းတန်းအပါ အဝင် နေရာ အစုံ တွင် ပိုက်ဆံတောင်းရမ်းနေသည့် ၁၃ နှစ်အရွယ်ကလေးငယ် ဝေယံမင်းဆိုသူပင် ဖြစ်သည်။ ရိုက်နှက်ခြင်း ခံထားရဖူးသည့်ကျောပြင်မှ အရှိုးရာဟောင်းတို့ကိုလှန်ပြရင်း သူက တောင်းစားဘဝ ရောက်ရပုံကိုပြောပြသည်။ သူတစ်ပါး မလုပ်ချင်သော၊ မလုပ်ဝံ့သော အလုပ်များကို သူ၏အပြောအရ မေမေကြီးဆိုသူက သူ့ကိုလုပ်ခိုင်းနေခြင်း ပင်ဖြစ်သည်။ သူလိုပင် တခြားကလေးငယ်တို့ရှိနေကြသည်ဟု ၎င်းကပြောသည်။
ရွှေတိဂုံစေတီတော်အနီးအနားတွင် တက္ကစီမောင်းနှင်နေသူ အမည်မဖော်လိုသူ၏ ပြောပြချက်အရ ဂိုဏ်းတစ်ခုအသွင်ဆန်ဆန်ရှိပြီး၊ ခေါင်းဆောင်ကထောင် ထွက် တစ် ဦးဟု သိရသည်။”မပြောရဲ ဘူးဗျာ၊ မင်းတို့လည်းမရေးနဲ့၊ အန္တရာယ်ရှိတယ်”ဟု ၎င်းကပြောသည်။ အချို့ တောင်းစားမိဘတို့က ကလေးကို တစ်နေ့ကျပ် သုံးထော င်နှုန်ြး ဖင့် ခေါင်းဆောင်တို့ ထံ နေ့တွက်ဖြင့်အပ်သည်များပင်ရှိသည်ဟု သူကဆိုသည်။
နှိပ်စက်မှုတို့လည်း ရှိပါသည်
”မေမေကြီးက အစကသားတို့ကိုချစ်တယ်။ ပိုက်ဆံများရင်ထမင်းကောင်းကောင်းနဲ့ ဘဲဥဟင်းလည်းစားရတယ်။ ပိုက်ဆံမရရင်အဆူခံရတယ်။ ထမင်း လည်း ကောင်းေ ကာင်းမစားရဘူး။ သား ကျောမှာ ရေနွေးပူလောင်ထားတယ်။ ပိုက်ဆံအများကြီးမရလို့ ဆိုပြီး မေမေကြီးက ရေနွေးနဲ့ လှမ်းပက်တာပါ”ဟု နှိပ်စက် ခံတောင်းရမ်းကလေး ငယ်တစ်ဦးကဒဏ်ရာဟောင်းကိုပြပြီး ပြောသည်။ တရားဝင် ခေါ်ယူခန့်ထားသော အိမ်အကူ၊ စားပွဲထိုးနှင့် လုပ်သားတို့ကိုပင် လူမဆန်စွာ ရိုက်နှက်မှု၊ သေအောင်ရိုက်မှုတို့ ရှိနေသည့် ယနေ့လိုအချိန်မျိုးတွင် ကယ်ရာမဲ့လမ်းဘေးရောက်နေ သောတောင်းရမ်းစားသောက်ကလေးများအဖို့ အနိုင်ကျင့်ခံရမှုပို မိုကြီးမြင့်နိုင်မည်မှာမလွဲဟု အရပ် ဘက်အဖွဲ့အစည်းများက မှတ်ချက်ပြုကြသည်။
သူတောင်းစား အဖြစ် ကလေးများကိုသွတ်သွင်းသော ဈေးကွက်ရှိနေသည်
ယနေ့ ကမ္ဘာပေါ်မှာ ခေါင်းအခဲရဆုံးပြဿနာများထဲ၌ ကလေးလုပ်သားပြဿနာအရေးသည် ထိပ်ဆုံးနံပါတ်တစ်ဆယ် စာရင်းဝင်နေပြီး ယင်း ထဲတွင် ကလေးငယ်တို့ကို သူတောင်းစားအဖြစ် အမြတ်ထုတ်ကာ ရောင်းစားခိုင်းစေသည့်ဖြစ်ရပ်တို့လည်း ပါဝင်နေသည်ဟု Child Labour in India.(IHRB)ကို ကိုးကားကာ ကလေး လုပ်သား ပြဿနာအကြောင်း ရေးသားခဲ့သူ ဆရာတင်စိုး မင်းကဆိုထားသည်။ အိန္ဒိယ၌ ကလေးငယ် ငါးဦးတွင်တစ်ဦးမှာ အလုပ်ခိုင်းစားခံနေရကြောင်း ၎င်းက ထုတ်ေ ဖ်ာပြောခဲ့ဖူးသည်။ ထို့အတူ အိမ်နီးနားချင်းနိုင်ငံများတွင်လည်း ယင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ ထိုသို့ ကြီးမားနေသည့် ဈေးကွက်ထဲ သို့ မြန်မာ က လည်း အနည်း ငယ် ဝင်တိုးသွားပြီး ပြည်တွင်း၌သာမက ပြည်ပသို့ပင် ကလေးများရောင်း စားခံနေရသည့် ဖြစ်ရပ်တို့ဖြစ်သည်ဟု ရဲမှတ်တမ်းတို့အရ သိရသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) ၏ ချစ်ကြည်ရေးအထူးသံတမန်အဖြစ် ၂ဝ၁၂ ဇူလိုင်လက ဂျက်ကီချန်းမင်းသား လာရောက်စဉ် မလေးရှားနိုင်ငံ သို့ တောင်းစားရန် ရောင်းစားခံလိုက်ရသည့် မြန်မာကလေးနှစ်ဦးနှင့်တွေ့ဆုံခဲ့မှုက ကလေးများအတွက် စိုးရိမ်စရာ ဖြစ်ခဲ့သည်။ ထိုစဉ်က မောင်ဇော်ဟုခေါ်သည့် အသက် ၁၂ အရွယ်ကလေးငယ်တစ်ဦးနှင့် နှစ် ကြိမ်တိုင်တိုင် လူကုန်ကူးခံခဲ့ရသော ဆယ်ကျော်သက်အရွယ် မိန်းကလေးတို့နှင့် ဂျက်ကီချန်းသည် တစ်ဦးချင်းတွေ့ဆုံခဲ့သည်။ ဤသည်က တားဆီးနိုင်ခဲ့သော ပြည်ပသို့ထွက်သွားသော အမှု သာဖြစ်ပြီး လူမသိသူမသိ လွတ်မြောက်သွားသောအမှုများ မည်မျှရှိမည်ဆိုသည်ကိုမခန့် မှန်း နိုင်ေ ပ။ လေလွင့်ကလေး အရေးလှုပ်ရှားသော United ACT မှတာဝန်ခံ ကိုရဲရင့်နောင်က ”ကလေးတွေ ကိုဖမ်းပြီးခိုင်းတဲ့ ဂိုဏ်းက ရှိတယ်။ လမ်းပျော်ကလေးတွေ၊ အခြေ အနေမဲ့ကလေးတွေကို အဓိက ထားပြီးတော့ အသုံးပြုကြတယ်။ ပစ္စည်းခိုးခိုင်းတာ၊ လမ်းဘေးမှာ ဈေးရောင်းခိုင်းတာ တောင်းစားခိုင်းတာ အများဆုံးတွေ့ရ တယ်”ဟု ပြော သည်။ ကလေးများအရေး ဆောင်ရွက်နေသော နောက်ထပ်အဖွဲ့အစည်းတစ်ခုဖြစ်သော Equality Myanmar မှ ဒါရိုက်တာအောင်မျိုးမင်းက မြန်မာ၏ ကလေးငှားဈေး ကွက်ထဲတွင် ရင်ခွင်ပိုက်ကလေးများ ငှားရမ်းတောင်းစားနေသည့် ဈေးကွက်လည်းပေါ်နေပြီး မိခင်အရင်း မဟုတ်သူက အခကြေးငွေဖြင့် တစ်ရက် တာငှားပြီး ကလေးများ တစ်နေကုန်အိပ်အောင်နှင့် နေမကောင်းသည့်ပုံစံဖြစ်အောင် အိပ်ဆေးတိုက်ခြင်းနှင့် နနွင်းဖြင့်လိမ်းခြင်းတို့ပြုလုပ်ကြသည်ကို တွေ့နေရကြောင်း ၎င်းကဆိုသည်။
သူတောင်းစားတွေအပေါ်
အစိုးရက ဘယ်လိုသဘောထားနေလဲ
ရဲတပ်ဖွဲ့ဝင်များက ထိုသို့တောင်းရမ်း စားသောက်သူများကိုတွေ့လျှင် ဥပဒေကို ချိုးဖောက်သူဟုဆိုပြီး ဖမ်းဆီးအရေးယူရပါသည်။ မဖမ်းချင်၍သာ မဖမ်းကြသည် တို့ရှိ တတ်သော်လည်း စီမံချက်ဆိုလျှင်တော့ ရဲကအပူတပြင်းဖမ်းကြပါတော့သည်။ ဖမ်းသည့်ပုဒ်မကအသက် ၁၈ နှစ်ကျော် လျှင် ထောင်ဒဏ်အထိအပြစ်ပေး၍ရသော ပုဒ်မ ၁ဝ၉/၁၁ဝ (အလုပ်မရှိ အကိုင်မရှိ လေလွင့်နေသူများအတွက် ပြဋ္ဌာန်းသော ဥပဒေပုဒ်မ) နှင့် အသက် ၁၈ နှစ်အောက် ဆိုပါက ထောင်ဒဏ်အပြစ်ပေး၍မရသော ပုဒ်မ ၄ဝ (လေလွင့်ကလေးများအတွက် ထုတ်ထားသောပုဒ်မ)တို့ဖြင့်အရေးယူခြင်း ဖြစ်သည်။
သို့သော် ပုံမှန်အမြဲတမ်း ဖမ်းကြသည်တော့ မဟုတ်ကြ။ ရဲကဖမ်းပြီဆိုလျှင် အဓိကအားဖြင့် စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းကာကိုင်တွယ်ပြီး အသက်ကြီး လျှင် ထောင်ချ၊ အသက် ၁၈ နှစ်အောက်ဆိုလျှင် လူမှုဝန်ထမ်းအပ်၍ တစ်ဖုံ၊ စည်ပင်လက်အောက်ရှိ ရေတံခွန်တောင်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံ၊ နာနတ်တောလမ်းမှ ထိန်း သိမ်းစောင့်ရှောက် ရေးစခန်း အစရှိသော ထိန်းသိမ်းပညာ ပေးစခန်းများသို့ပို့ဆောင်၍ ရက်အနည်းငယ် ကာလအတိုင်းအတာအထိ စောင့်ရှောက်ထားကာ အလုပ်လို ချင်ပါကလည်း စည်ပင်တွင် အလုပ်ပေးသည်။ယင်းအပြင် တောင်းရမ်းစားသောက်သူများ ပပျောက်ရေး စီမံကိန်းဆိုကာ ပြည်မြို့တွင် လွန်ခဲ့သော ၂ဝ၁၂ ခုနှစ်က လေ လွင့် ကလေးများနှင့်တောင်းရမ်းစားသောက်သူများအား ရခိုင်ရိုးမအစပ် ညောင်ခြေထောက်ရွာသို့ သွားရောက်စွန့်ပစ်ခဲ့သည့် လုပ်ရပ်တို့ကို ပင်လုပ်ခဲ့သည်။
နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်အရေးယူမှုတွေ
အစိုးရအဆက်ဆက် ဘာလုပ်ခဲ့သလဲ
၁၉၆၉၊ ၁၉၇ဝ နှင့် ၁၉၇၁ ခုနှစ်များက ကလေးများအားလျှာဖြတ်ကာ တောင်းစားခိုင်းသည့်ဖြစ်ရပ်တို့ ရှိခဲ့သဖြင့် အစိုးရက ကျူးလွန်သူတို့ကို ဖမ်းဆီးခဲ့ရာ ကလေးခိုးဂိုဏ်း များ ပျောက်သလောက်ဖြစ် သွားခဲ့ဖူးသည်ဟု မန္တလေးမြို့အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကပြောသည်။ ယင်းနောက်ပိုင်း ထိုသို့ကျူးလွန် သည် ဟု ဆိုသော လုပ်ရပ်ကို သိပ် မကြားမိတော့ဟု (မထုတ်ပြန်သည်လည်း ဖြစ်နိုင်ကြောင်း) ၎င်းက ပြောသည်။
တပ်မတော်အစိုးရလက်ထက် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က မလေးရှားသို့ မြန်မာ ကလေးငယ်တို့ကို ရောင်းစားကာ တောင်း စားခိုင်းသောသူတို့ကို ဖော်ထုတ်အရေး ယူခဲ့ဖူးပြီး ထိုတစ်နှစ်တည်း နှစ်မှုရှိခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ပြောသည်။ သမ္မတဦးသိန်းစိန်အစိုးရ တက်ပြီး နောက် ပိုင်း ကာလတွင် ကလေး များအား နောက်ကွယ်မှကြိုးကိုင်သူတို့ ရှိနေ၍ ရဲကအရေးယူလိုက်သောအမှုများ ရှိပါသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်များအရလည်း လွန် ခဲ့သည့် ၂ဝ၁၁ အောက်တိုဘာ ပထမအ ပတ်က ရန်ကုန်တွင် တောင်းရမ်းစားသောက် သည့် အသက် ၁၂ နှစ်အရွယ် ကလေးတစ် ဦး၏ ထွက်ဆိုမှုကိုအခြေပြုပြီး ရဲက ဒလ မြို့နယ်၊ ကျန်စစ်သားရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်က ကလေးငယ် တို့ အား တောင်း ရမ်းခိုင်းစားသည့် ဖြစ်ရပ်တို့ကို ဖော်ထုတ်နိုင်ခဲ့ဖူးသည်ဟု သိရသည်။ ၄၅ နှစ်နှင့် ၅၅ နှစ်အရွယ်ရှိ ဒေါ်တင်ညို (ဘ) ဦြး<ွကယ်နှင့် ဒေါ်သန်း သန်း ဦး(ခ) ဒေါ်မျိုး၊ (ဘ) ဦးဝင်းတင်တို့ကို ကလေးသူငယ် အက်ဥပဒေပုဒ်မ (၆၆)အရ စစ်ဆေးပြီး ထောင်ဒဏ်(၁)နှစ်စီ ချမှတ်ခဲ့သည့် မှတ် တမ်းကို ၎င်းက ကိုးကား ကာပြောခြင်း ဖြစ်သည်။
ထို့အတူ မန္တလေးတွင်လည်း နောက်ကွယ်က ကြိုးကိုင်သူအား ဖမ်းမိခဲ့သည်ကို မန်းစည်ပင်မှ လက်ထောက်ညွှန်ကြားရေး မှူးဦးစိုးတင့်အောင်က ”ကလေးတွေကို ထိန်း ထားပြီးတောင်းစားခိုင်းတဲ့ ယောက်ျား တစ်ယောက်ကို လွန်ခဲ့တဲ့တစ်နှစ်က ဖမ်း ခဲ့ဖူးတယ်။ သူ့နောက်ကွယ်မှာ နောက်ထပ် လူတွေ ဖော်ထုတ်ဖို့ ကျန်နေသေး တယ်”ဟု ပြောသည်။ မြန်မာတွင်တော့ ထိုအမှုများ ကို ရဲကဖော်ထုတ်ထားသောအရေအတွက် များများစားစားမရှိခဲ့ပေ။ အကြောင်းက ဖော်ထုတ်နိုင် ရန်တိကျ သည့် သတင်းအချက် အလက် ရရှိမှုနည်းပါးပြီး၊ ခက်ခဲလွန်းသည့် အတွက်ကြောင့်ဟု သက်ဆိုင်ရာတာဝန်ရှိ သူတို့က ပြောကြသည်။ ”ကလေးတွေကို မေးကြည့်တဲ့အခါမှာ ဘာမှပြန်မဖြေတာ၊ ပြန်မပြောတာတွေက နောက်ကြောင်းလိုက်ဖို့ တော်တော်ခက်တယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိက ဆိုသည်။ ပြည်သူလူထုအနေဖြင့် ရရှိထားသော အချက်အလက်များကို မျှဝေပေးပါက ပိုမို အဆင်ပြေမည်ဟု ၎င်းကဆိုသည်။
ကျူးလွန်သူတွေ အလွယ်တကူလုပ်နိုင်အောင် လက်ရှိကလေးသူငယ်ဆိုင်ရာ ဥပဒေတွေက အားနည်းလို့လား
နိုင်ငံတွင် ကလေးသူငယ်များနှင့်ပတ်သက်သော ဥပဒေပြဋ္ဌာန်းရာတွင် ယခင်က ရှိခဲ့ဖူးသော The Young Offenders Acts နှင့် ၁၉၅၅ခုနှစ်၊ ကလေးသူငယ်များ အက် ဥပဒေကိုရုပ်သိမ်းပြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ပါမူများ နှင့်ညီသော ကလေးသူငယ်ဥပဒေ(၁၉၉၃) ရှိကြောင်း လွှတ်တော်နှင့် တရားရေးဆိုင်ရာ အရာရှိတို့က ပြောကြသည်။
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး၊ ပြစ်မှုကြောင်းအရအရေးယူခြင်းမှ ကင်းလွတ် ခွင့်၊ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များ၊ ပြစ်မှုနှင့် အရေးယူခံ ရသော ကလေးများကို စစ်ဆေးစီရင်ခြင်း၊ အကျဉ်းထောင်များတွင် ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ ပြစ်မှုကျူးလွန်သော ကလေး ငယ်များကိုချမှတ်သော ပြစ်မှုနှင့် ပြစ်ဒဏ် များ စသည်တို့ပါဝင်သော အခန်း၁၉ ခန်း နှင့်ဖြစ်သည်ဟု ပြောကြသည်။ ထိုဥပဒေ အရ ၁၆ နှစ်မပြည့်သေးသည့်သူကို ကလေး သူငယ်ဟုခေါ်ပြီး ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ် မပြည့်သေးသောသူများကို လူငယ်ဟုသတ် မှတ်ကြောင်းနှင့် ကလေးသူငယ်တိုင်းသည် လူကြီးများအတိုင်း တရားဥပဒေကို စောင့် ထိန်းလိုက်နာဖို့ တာ ဝန် ရှိကြောင်း ဖော်ပြထားသည်။ ဦးသိန်းသန်းဦး(မန္တလေးတရားလွှတ်တော်ရှေ့နေ) က”ကလေးသူငယ်ဥပဒေက ပြစ်မူကျူးလွန်တဲ့ ကလေးတွေ အတွက် သာ ပြဋ္ဌာန်း ထား တာ။ ဒီလိုကိစ္စတွေ (ကလေးခိုး တာတွေ၊ တောင်းစားခိုင်းတာတွေ) ပပျောက် အောင်ဆိုရင် ကလေးသူငယ်တွေရဲ့ အခွင့် အရေးကိုကာကွယ်ပေးမယ့် ဥပဒေမျိုးသီးခြား လိုအပ်တယ်။ အခုက သီးခြားပြဋ္ဌာန်း ထားတာမရှိဘူးဖြစ်နေတယ်”ဟု ပြောသည်။
သို့သော် ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီမှ ဦးဘရှိန်ကမူ ကလေး ကိစ္စများနှင့်ပတ်သက်ကာ ၁၉၉၃ခုနှစ် ဥပဒေရှိပြီးဖြစ်၍ အသစ်မလိုဟုပြောသည်။ ”ဒီကိ စ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေရှိတယ် လေ။ အဲဒီဥပဒေတွေကပြန်လည်ဖြည့်စွက် ဖို့လိုအပ်ရင်တော့ ဖြည့်စွက်လို့ရတယ်။ သီးခြား ကလေးသူငယ်ကာကွယ်ရေး ဥပဒေကတော့ မရှိသေးဘူး။ ရေးဆွဲဖို့ လည်းမရှိသေးဘူး။ အဟောင်းကိုပြန်ပြင် ချင်တယ်ဆိုရင်တော့ ပြန်ပြင် လို့ရ တယ်။ရှေ့နေ ချုပ်ရုံး ကဒီ ကိစ္စကို ပြန်ပြီးတင်ပြမှ လည်းရမှာ”ဟု ဆိုသည်။
ဒီလိုကလေးတွေအပေါ် ကျုးလွန်မှုတွေ ကြောင့် ဘာသက်ရောက်မှုရှိမလဲ
ကလေးကူးသန်းရောင်းဝယ်ခြင်းသည် တိုင်းပြည်၏ အနာဂတ်အား အလောင်းအ စား ပြုလုပ်နေခြင်းဖြစ်သည်ဟု တိုင်းပြည် အနာဂတ်နှင့်ချီပြီး ဒေါ်အောင်ဆန်းစုကြည် က မဲဆောက်မြို့ရှိ ကလေးကူးသန်းရောင်း ဝယ်မှုတားဆီးရေးအဖွဲ့ (ကြမာေ ဗဃွှ)အဖွဲ့မှဦးစီးပြုလုပ်သည့် နိုင်ငံတကာကလေး ကူးသန်းရောင်းဝယ်ရေးနေ့၌ ဗီဒီယိုဖိုင်ပို့ ကာ နိုင်ငံတကာကို သတိပေးထားဖူးသည်။ မလုပ်သင့်သော အလုပ်တစ်ခု၊ လူသား မဆန်သော အလုပ်တစ်ခုဟုလည်း ဒေါ် အောင် ဆန်းစုကြည် က ပြင်းပြင်းထန်ထန် ဝေဖန်ထားသေးသည်။
တောင်းစားကလေးတွေကိုလည်း ဘယ်လိုဖြေရှင်းပေးမလဲ
နိုင်ငံကိုယ်စားပြု ဖွဲ့စည်းထားသော မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့အ စည်းများနှင့် ကလေးသူငယ်စောင့်ရှောက် ရေးအဖွဲ့အစည်းများတို့သည် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် တွေ့ဆုံမှုများ၊ ညီလာ ခံများ ပြုလုပ်နေကြသော်လည်း နိုင်ငံအ တွင်း တောင်းရမ်းစားသောက်နေရသော ကလေးငယ်များ၊ ခိုးကိုးရာမဲ့နေသောကလေး ငယ်များမပြတ်တွေ့နေရသည်က ဖြေရှင်း ရန် နည်းလမ်းမရှိ၊ ငွေမရှိကြောင်း အစိုးရ က လက်ရှိအချိန်အထိ သက်သေပြနေသည် ဟု မှတ်ယူရမည့်ပုံပင်။ အချို့ကလည်း လူ တို့၏စေတနာကြောင့်သာ တောင်းစားသူ တို့ ရှင်သန်နေရသည်ဟု တောင်းစားနေမှု ဖြစ်စဉ်အပေါ် လေ့လာနေသူတို့က မှတ် ချက်ပြုကြပြန်သည်။
မြန်မာစကားပြေ လက်ရွေးစင်တွင် ပါရှိသည့် တက္ကသိုလ်မင်းမော်ရေးသော ‘စေတနာ (သို့မဟုတ်) ဝေဒနာ’ ဆိုသည့် စာအပိုဒ်တွင် ဆရာက မော်လမြိုင်ဘက်သို့ ခရီး သွားစဉ်ရွာများမှထွက်လာပြီး လိုက်လံ တောင်းရမ်းကြသည့်ကလေးများကို ရထား ပေါ်မှ မုန့်များ၊ ပိုက်ဆံများ ပစ်ချပေးခြင်း အား အပြစ်တင် ဝေဖန်ထားပြီး၊ ယင်းမှာ ‘သူတစ်ပါးအားကိုးနှင့်၊ မိမိကိုယ်ကို အား ကိုးရမှန်းမသိသော စိတ်ညံ့၊ ပညာသင် ရမှန်း မသိသော စိတ်ညံ့၊ အလုပ်လုပ်ရမှန်း မသိသော စိတ်ညံ့ စသည့် စိတ်ညံ့တို့သည် ကလေးတို့၏ စိတ်ကို ဖျက်ဆီးပစ်ကြပေ လိမ့်မည်’ဟု ရေးသားထားချက်ကလည်း ထိုပုံစံအတိုင်းပင် ဖြစ်နေတော့သည်။
ထို စေတနာတလွဲကောင်းသူတို့ ရှိနေ ၍ ကလေးသူငယ်များအားကို အသုံးချ နေသူတို့ ရှိနေကြခြင်းပင်ဖြစ်သည်။ ယင်း ကြောင့် ကလေးကူးသန်းရောင်း ဝယ်နေခြင်း ဈေး ကွက်က ကြီးမားလာခြင်းဖြစ်သည်။ ယင်းကို ပပျောက်ချင်လျှင် ကလေးများ ပိုက်ဆံလာတောင်းပါက မပေးရန်သာ ရှိတော့သည်ဟု အရပ်ဘက် အဖွဲ့ အစည်း တချို့ကပြောကြသည်။ ထို့အပြင် ကျပ်တည်း သည့်စီးပွားရေးကို ရေစီးရေလာကောင်း အောင်အဓိကဖော်ဆောင်ရင်း နိုင်ငံမပြေ လည်မှုကို အရင်ရှင်းကာ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးသင့် ကြောင်း ၎င်းတို့က ဆိုကြသည်။
”အဲဒီမှာ ‘မပြေလည်လို့လုပ်တာ၊ နင် ရှာကျွေးမှာလား’ဆိုတဲ့ စိန်ခေါ်မှုက အကြီး ဆုံးဖြစ်နေတာလည်းရှိတော့ မပြေလည်လို့ လုပ်စားတဲ့သူတွေကို အစိုးရက အလုပ်အ ကိုင်တွေ ဖန်တီးပေး၊ ဒီလိုပဲ တစ်ဖက်က အမြတ်ထုတ်တဲ့လူတွေကို ဝိုင်းဝန်းပြီး ဖော်ထုတ်အရေးယူရမယ်”ဟု လေလွင့် ကလေးအရေး ဝိုင်းဝန်းကူညီပေးနေသူ အကြံပေးတစ်ဦးက ဆိုသည်။
ကလေးသူငယ်အခွင့်အရေးနှင့် ကလေး သူငယ်ဥပဒေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့ အထိ အနယ်နယ် အရပ်ရပ်မှ ကလေးအ ခွင့်အရေးလှုပ်ရှားဆောင်ရွက်သော အဖွဲ့ အစည်း ၁၅ ဖွဲ့ကျော်က ဆောင်ရွက်ကြ ရာတွင် စီးပွားရေးမပြေလည်မှုက အဓိက ပြဿနာဟု ဝိုင်းဝန်းရှုမြင် သုံးသပ်ကြ ကြောင်း ရဲတပ်ဖွဲ့ကိုယ်စား တက်ရောက် ခဲ့သူ ဒုတိယရဲမှူးကြီးက ဆိုသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မ ရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်က တောင်းရမ်း စားသောက်သည့် ကလေးများကိစ္စသည် အတော်ခက်ခဲသည့်ကိစ္စဖြစ်သည့်အတွက် ဖြေရှင်းရန် ပညာရှင်များနှင့် ငွေကြေး အများကြီးလို အပ်မည်ဟု ပြောသည်။
”မိဘတွေက ခိုင်းတာဆိုရင်တောင် မိဘတွေကို အရေးယူလို့ရတယ်။ အဓိက က လူမှုစီးပွာရေးပြဿနာဖြစ်နေတယ်။ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ဥပဒေ တွေပြဋ္ဌာန်း ထားလည်း တကယ်တော့ လုပ်ရကိုင်ရခက်တယ်။ မိဘကတောင်းစား ခိုင်းလို့ မိဘကိုအရေးယူပြီ။ အဲဒီလိုဆို ကျန်ခဲ့တဲ့ကလေးက မိဘမဲ့ဖြစ်ပြီး မြောင်း ထဲရောက် သွားမှာ”ဟု ပြောသည်။မည်သို့ပင် ဖြစ်စေကာမူ လက်ရှိအချိန် အထိရန်ကုန်တစ်ခုတည်းမှာပင် ကလေး သူငယ်ဆိုင်ရာရဲဌာန၏ ယမန်နှစ်ကစာရင်း အရ ကလေး ၁ဝဝ ကျော် ပျောက်ဆုံး ကြောင်း တိုင်ချက်ဖွင့်ထားသည်။ ပြန်တွေ့ သောကလေးများ ရှိသလို၊ ပြန်မတွေ့သော ကလေး၊ ပြန်တွေ့သော်လည်း ပြန်တွေ့ ကြောင်း အကြောင်းမကြားသည့်ကလေး များရှိနေရာ ထိုထဲမှကလေးဘယ်နှယောက် ခန့်သည် တောင်းစားခိုင်းခြင်း ခံနေရကြောင်း မည်သူမျှတိတိကျကျ မဖော်ထုတ်နိုင်။ ယင်း အပြင် မိဘက စေခိုင်းမှုကြောင့် တောင်းစားနေရသော ကလေးအရေအတွက် စာရင်းကလည်း ရေရေရာရာ မရှိ။
ထိုအခြေအနေမျိုးတွင် ဝေယံမင်းကဲ့ သို့ ကျောတွင် ရေနွေးပူဒဏ်ရာရကလေး များ လမ်းပေါ်တွင် မည်မျှရှိနေဦးမည်မသိ။ ဝေယံမင်းကတော့ ”သား အမေနဲ့ ညီမလေးကို အိမ်လေးဝယ်ပေးချင်လို့ ပိုက် ဆံလိုက်တောင်းလိုက်ဦးမယ်နော်။ တာ တာ့”ဟု နှုတ်ဆက်ထွက်ခွာသွားသည်။ ကော့သောင်းတွင် ကျန်နေခဲ့သော အမေနှင့် ညီမလေးတို့၏ အိမ်ကို အသက် ၁၃ နှစ်သာရှိနေသေးသော ဝေယံမင်းတစ် ယောက် အသက်တွေကြီးလာရင် မှတ်မိပါ ဦးမလားမေးတော့ ”မှတ်မိပါတယ်၊၊ မေ့သွား ရင် ဒီမှာနေ သလိုပဲ မေးကြည့်မှာပေါ့”ဟု ပြောသွားပါသည်။စာဖတ်သူရော သူပြောသောစကားအ တိုင်း သူ မိဘတို့နှင့် တွေ့နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသလား။
popularmyanmar.com
No comments:
Post a Comment