Wednesday 11 February 2015

အစိုးရ ၀ှိုက်ကတ် သိမ်းပြီ

 မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်ကို မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့်ဆောင်ရွက်နေပြီဖြစ်၍ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် သတ်မှတ်လိုက်ပြီး မေ ၃၁ ရက် နောက်ဆုံးထား၍ ကိုင်ဆောင်သူများအနေဖြင့် ၀ှိုက်ကတ်များကို ပြန်လည်အပ်နှံရန် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ယာယီသက်သေခံလက်မှတ်နှင့် စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများ ရှိနေသည့်အတွက် ယာယီသက်သေခံ လက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက " ဒီကြေညာချက်အရ WC (၀ှိုက်ကတ်)တွေ အကုန်လုံး တရားမ၀င်တော့ဘူး။ (ဒီတော့ WC မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ပါတယ်။) WC တွေ ပြန်လည်အပ်နှံချိန် မတ်လ ၃၁ မှ မေလ ၃၁ အထိ အချိန်ပေးထားပါတယ်။ WC ကိုင်ဆောင်သူ အားလုံးဟာ ဥပဒေ၊ နည်းဥပဒေနဲ့ အညီ စိစစ်မှု ပြန်ခံရပါမယ်။ ဥပဒေနဲ့ ညီညွတ်တဲ့သူမှသာ ပန်းရောက်ကဒ် ရမယ်၊ မညီတဲ့သူ မရဘူး။ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် ပြီးပြတ်ပြီး ဖြစ်မယ်။ မလဲဘူး ဆိုတဲ့သူတွေ မေ ၃၁ ကျော်ရင် ဘာကဒ်မှ မရှိတော့ဘူး။ လဲမယ် ဆိုရင် ဒီကာလအတွင်း လဲရမယ်။ (စိစစ်ပြီးမှ ဥပဒေနဲ့ ညီမှ ကဒ်ထုတ်ပေးမယ်။) " ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

သတင်းထုတ်ပြန်ချက်တွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၄) ပါ ပြဌာန်းချက်နှင့်အညီ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်း၊ စိစစ်မှုခံယူခြင်း တို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ကြရမည် ဟု ဖော်ပြထားသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများတွင် ၀၊ ပအိုဝ့် စသော တိုင်းရင်းသားများလည်း ပါဝင်နေပြီး ကိုင်ဆောင် သူ တစ်သန်းကျော်ရှိကြောင်း၊ ရခိုင်တွင် ၀ှိုက်ကတ်ကိုင်ဆောင်သူ ခြောက်သိန်းကျော်ရှိနေပြီး ၀ှိုက်ကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပျက်ပြယ်အောင်ပြုလုပ်မည် ဆိုပါက ၀ှိုက်ကတ်ကိုင်ဆောင်သူ တိုင်းရင်းသား များ အရေးအတွက် ခြွင်းချက်ဖြင့် မဲပေးနိုင်ရေးထည့်သွင်းစဉ်းစားရန်၊ မျိုး စောင့်ဥပဒေအတည်ဖြစ်ရေး စသည့် အချက်များကို ဖေဖော်ဝါရီ ၁၁ ရက်က အင်းစိန်ရွာမပရိယတ္တိကျောင်းတွင် ကျင်းပသော အမျိုး၊ ဘာသာ၊ သာသနာစောင့် ရှောက်ရေး အဖွဲ့ (မဘသ) အရေးပေါ်အထူးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

မဘသ အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဦးတိလောကာဘိဝံသက "နိုင်ငံသားလည်းမဟုတ်၊ နိုင်ငံသားလည်းဖြစ်ခွင့်မရတဲ့ ပုဂ္ဂိုလ်ကိုမဲပေးခွင့်ပေးတယ်ဆိုကတည်းက နိုင်ငံ့သစ္စာဖောက်နေတာပဲ။ ဘယ်နိုင်ငံမှာမှ မရှိဘူး" ဟု ဆိုသည်။

"၀ှိုက်ကတ်ကိစ္စမဖြေရင်းနို်င်ရင် ၂၀၁၅အတွက် အထွေထွေ ပြဿနာတွေဖြစ်နိုင်တယ်။ ဦးဇင်းအမြင်ပြောရရင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မျိုးစောင့်ဥပဒေကပိုအရေးကြီးတယ်”ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
မဇ္စျိမ

No comments:

Post a Comment