Wednesday 11 February 2015

ရှေးထုံးပယ်တော့

‘‘လက်မထပ်ဘဲ အတူနေသလား၊ ကောင်းတာပေါ့။ ဘယ်သူနဲ့လဲ။ ခင်ဗျားညီမနဲ့လား။ ခင်ဗျားညီမနဲ့သာ အတူနေရမယ်ဆိုရင်တော့ နေမယ်လေ’’
ထိုစကားစုက လွန်ခဲ့သော ၁၉၉၀ ဝန်းကျင်မှာ လက်မထပ်ဘဲအတူနေဟူသည့် အတွေးအခေါ်အယူအဆများ မြန်မာနိုင်ငံကို ဝင်ရောက်စဉ်က နာမည်ကျော် ဟာသစာရေးဆရာကြီး အီကြာကွေး၏ သရော်စာမဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်မှ စကားတစ်ခုဖြစ်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံကို ရောက်ရှိလာသော ထိုယဉ်ကျေးမှုအတွက် စာရေးဆရာများ၊ အနုပညာရှင်များကြား ဂယက်ရိုက်ပြီး ထောက်ခံသူတွေ၊ ကန့်ကွက်သူများနှင့် ပွဲဆူခဲ့ကြဖူးပါသည်။
သို့သော်လည်း ယခုအချိန်မှာတော့ ဗယ်လင်တိုင်းဒေး (ခေါ်) ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေအတွက် ဟိုတယ်များ၊ တည်းခိုခန်းများက အရောင်းမြှင့်တင်ရေးတွေလုပ်သည်အထိ ထိုယဉ်ကျေးမှုက မြန်မာလူနေမှုမှာ စိမ့်ဝင်ပျံ့နှံ့ထိုးဖောက်လာခဲ့သည်။မြန်မာ့လူနေမှုအရ လက်မထပ်မီ အတူနေအယူအဆကို ခါးခါးသီးသီးဆန့်ကျင်သူတွေရှိသေးသကဲ့သို့ အနောက်တိုင်းဆန်မှု၊ ခေတ်မီမှုတစ်ခုလို့လည်း လက်ခံယူဆနေသူတွေလည်းရှိပါသည်။
‘‘ဒီခေတ်မှာတော့ သမီးရည်းစားဆိုရင် အနည်းနဲ့အများက နေလိုက်တာပါပဲ။ သိတဲ့အတိုင်း အခုခေတ်မှာ လက်ထပ်ဖို့ကလည်း စရိတ်စက တော်တန်ရုံမတတ်နိုင်ဘူး။ အဲဒီတော့ လူငယ်စုံတွဲတွေက တွဲတာကြာလာရင် နေဖြစ်သွားတာပါပဲ’’ဟု ရန်ကုန်မြို့နယ် အခွန်ရုံးတစ်ရုံးမှ စာရေးကြီးကိုခင်မောင်ညွန့်ကဆိုသည်။ သူက ဗယ်လင်တိုင်းဒေးလို ချစ်သူများနေ့မှာ သူတို့ရုံးနားက တည်းခိုခန်းမှာ လူငယ်စုံတွဲများနှင့် အပြည့်ဖြစ်နေစမြဲဟု ပြောပြပါသည်။
လက်မထပ်မီ အတူနေသည့် ယဉ်ကျေးမှုသည် အနောက်တိုင်းနိုင်ငံတွေက စတင်ပျံ့နှံ့ခဲ့သည်ဆို သော်လည်း ထိုယဉ်ကျေးမှုသည် ၁၉၉၀ ဝန်းကျင်လောက်မှ ခေတ်စားခဲ့တာဖြစ်ပါသည်။ ထိုယခင်ကမူ အာရှနိုင်ငံတွေလိုပဲ အနောက်နိုင်ငံကစုံတွဲများသည် တရားဝင် လက်ထပ်ထိမ်းမြားကြမှသာ အတူနေကြတာဖြစ်ပါသည်။ သို့သော် နောက်ပိုင်းတွေမှာ လက်ထပ်ပြီး လင်မယားတွေမှာ ကွာရှင်းမှုက မြင့်တက်လာသည်။ ထို့ကြောင့် လူငယ်စုံတွဲများက လက်မထပ်မီတွင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုရအောင် အတူတူနေကြည့်ရာမှ လက်မထပ်မီ အတူနေယဉ်ကျေးမှု စတင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နောက်အကြောင်းတစ်ခုကလည်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့တွင် လက်ထပ်လိုက်ပါက ဥပဒေကြောင်းအရ ပိုင်ဆိုင်ရမှုမှာ ပြဿနာရှိသည်။ ကိုယ်ပိုင်ဆိုင်သည့် အိမ်နှင့်ပစ္စည်းကို တရားဝင်လက်ထပ်သည့် ဇနီး(သို့မဟုတ်)ခင်ပွန်း ဖြစ်သူနှင့် ပူးတွဲပိုင်ဆိုင်သည်။ လက်ထပ်ပြီးကွာရှင်းပါကလည်း ပိုင်ဆိုင်သည့်ပစ္စည်းကို လက်ထပ်ခဲ့သူအား ကိုယ့်ဝင်ငွေအချိုးအစားအလိုက် ပေးရပါသည်။ ထို့ကြောင့် လက်မထပ်ဘဲအတူနေပါက ထိုငွေကြေးနှင့် ပိုင်ဆိုင်မှုပြဿနာတွေမရှိ။
ထို့ကြောင့် ချမ်းသာသော ဟောလိဝုဒ်ရုပ်ရှင်မင်းသား၊ မင်းသမီးများကြားမှာလည်း တစ်ယောက်အကြောင်းတစ်ယောက် မယုံကြည်မီမှာ လက်မထပ်ဘဲ အတူနေကြသည့်ဓလေ့က ခေတ်စားလာသည်။ ၁၉၉၅ မှာတော့ လက်မထပ်မီ စုံတွဲများ အတူတူနေကြခြင်းသည် အနောက်တိုင်းမှာ ပုံမှန်ဓလေ့တစ်ခုလိုဖြစ်လာသည်။
သို့သော်လည်း ယခုအချိန်ထိ မိရိုးဖလာအတိုင်း စေ့စပ်၊ လက်ထပ်ပြီးမှ နေသူများလည်းရှိပါသည်။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး လက်မထပ်ဘဲ အတူနေစုံတွဲမှာ ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘရက်ပစ်နှင့် မင်းသမီး အန်ဂျလီနာဂျိုလီတို့ ဖြစ်ပါသည်။ သူတို့သည် မွေးစားကလေးသုံးဦး၊ ကိုယ်တိုင်မွေးကလေးသုံးဦး စုစုပေါင်း ခြောက်ဦးရခဲ့သည်အထိ ခုနစ်နှစ်ကြာအောင် လက်မထပ်ဘဲနေခဲ့သည်။ သို့သော် ၂၀၁၄ ဩဂုတ်လမှာတော့ တရားဝင်လင်မယားအဖြစ် လက်ထပ်ခဲ့ကြပါသည်။
‘‘ကလေးတွေက အဖေနဲ့ အမေကို သိပ်လက်ထပ်စေချင်တယ်လေ။ ဒါကြောင့် အားလုံးပျော်ရအောင်လို့ လက်ထပ်ခဲ့တာပါ’’ဟု အန်ဂျလီနာဂျိုလီက သူတို့စုံတွဲ တရားဝင်လက်ထပ်ရခြင်းအကြောင်းကို ရှင်းပြခဲ့သည်။
သူတို့လိုပင် Twilight ရုပ် ရှင်ဇာတ်ကားဖြင့် အောင်မြင်ခဲ့သူ လူငယ်မင်းသား၊ မင်းသမီးနှစ်ဦးဖြစ်သည့် ရောဘတ်ပက်တင်ဆန်နှင့် ခရစ္စတင်းစတီးဝပ်တို့၏ လက်မထပ်ဘဲ အတူနေမှုကတော့ မအောင်မြင်ခဲ့ပါ။ လက်ထပ်ခြင်းဆီမရောက်ဘဲ တစ်နှစ်ခန့်အကြာမှာ ညောင်ညိုပင်စခန်း၌ လမ်းခွဲခဲ့ကြသည်။
အိမ်ထောင်ရေး၊ လူမှုရေးဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်အရ လက်မထပ်ဘဲအတူနေကြသည့် စုံတွဲများတွင် အသက်(၂၃)နှစ်မတိုင်မီ၊ ပညာရေး၊ အလုပ်အကိုင်မပြည့်စုံမီ အတူနေကြပါက နောင်တွင် ကွဲဖို့အလားအလာပိုများသည်ဟု ဆိုပါသည်။ အသက်အရွယ်(၃၀)ကျော်ပြီး ဝင်ငွေအလုပ်အကိုင်တည်ငြိမ်သူများကတော့ အတူနေပြီးလျှင် အတော်များများ လက်ထပ်ဖြစ်ကြသည်ဟု သိရပါသည်။
‘‘ဒါပေမဲ့ တစ်ခုသတိပြုရမှာက အနောက်တိုင်းက လက်မထပ်ဘဲ အတူနေဆိုတာ တည်းခိုခန်းမှာသွားပြီး အတူအိပ်တာကိုမဆိုလိုပါဘူး။ လက်မထပ်ပေမယ့် မြန်မာလို ပုဆိုးတန်းတင်အကြင်လင်မယားလိုပါပဲ။ တစ်အိမ်တည်းမှာ အများသိအတူနေကြတယ်။ တစ်ဦးနဲ့တစ်ဦး သစ္စာရှိကြတယ်။ ဝင်ငွေဆိုလည်း အတူမျှဝေရတယ်။ သာရေးနာရေးမှာလည်း အတူတွဲလုပ်ရတယ်။ အများကလည်း သူတို့နှစ်ဦးကို အတူနေစုံတွဲအဖြစ် အသိအမှတ်ပြုရတယ်။ များသောအားဖြင့် အတူနေပြီးလို့ နှစ်ကြာလာရင် တကယ်လက်ထပ်ကြတယ်’’ဟု အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေသော ရှေ့နေဒေါ်သဉ္ဇာမျိုးကပြောသည်။
ထို့အပြင် အမေရိကန်လိုနိုင်ငံမျိုးမှာ အတူနေထိုင်ပြီး ကလေးရလာပါက လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ အမျိုးသားက ကလေး၏ဖခင်အဖြစ် တာဝန်ယူရသည်။ အမျိုးသမီးနှင့် ကွဲသွားပါကလည်း ကလေး၏အဖေအဖြစ် အသက် (၁၈)နှစ်ပြည့်သည်အထိ အဆိုပါကလေးကို တာဝန်ယူရသည်။ အကယ်၍ ကလေးကို တာဝန်မယူပါက ဥပဒေအရ ဖမ်းဆီးအရေးယူနိုင်သည်။
အမျိုးသမီးတစ်ဦးကို လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ ကလေးဖခင်အဖြစ် ကလေးစရိတ်ကို လစဉ်ကျေအောင်မပေးနိုင်သူ အမျိုးသားသည် ကားမောင်းခွင့်လိုင်စင်ကိုင်ဆောင်ခွင့်မရှိဟု အမေရိကန်နိုင်ငံက မော်တော်ယာဉ်လိုင်စင်စည်းကမ်းများ၌ပင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံမှာတော့ တရားဥပဒေအရ ထိုကဲ့သို့ အမျိုးသားများ၏ တာဝန်မယူမှုအတွက် အရေးယူဆောင်ရွက်ခြင်းများမရှိသေးပါ။ ထို့ကြောင့် တစ်ခုခုဖြစ်လျှင် အရင်နစ်နာရသည်က အမျိုးသမီးများသာ ဖြစ်ပါသည်။ မကြာသေးမီက မြန်မာနိုင်ငံမှာ ရုပ်ရှင်သရုပ်ဆောင်တချို့အပါအဝင် အမျိုးသမီးငယ်တချို့က သူတို့နှင့်ပတ်သက်သော အမျိုးသားများကို တာဝန်မယူမှုအတွက် တရားစွဲဆိုမှုများ ပြုလုပ်ကြသည်ကို တွေ့ပါသည်။ သို့သော် အမှုအများစုမှာ အမျိုးသမီးများက အရှက်ရော ငွေကြေးအရပါ အမျိုးသားများကို ဘာမှထိထိရောက်ရောက် အရေးမယူနိုင်တာကို တွေ့ရသည်။ တချို့က လျော်ကြေးအနည်းငယ်ဖြင့် ကျေနပ်ကြရ၏။ လက်မထပ်ဘဲအတူနေပြီး ကလေးရပါက ကလေးကို မိခင်ကသာ စောင့်ရှောက်တာဝန်ယူကြလေ့ရှိသည်။
နောက်ထပ်တစ်ခုဆိုးသည်မှာ မြန်မာမှာက အရှေ့တိုင်းရိုးရာယဉ်ကျေးမှုအရ လက်မထပ်ဘဲ အတူနေပါက အနည်းနှင့်အများဆိုသလို ပတ်ဝန်းကျင်၏ ဝေဖန်ပြစ်တင်မှုကိုလည်း ခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် လက်မထပ်ဘဲ အတူနေအယူအဆကို ကျင့်သုံး၊ မသုံးဖို့အတွက် ‘ရှေးထုံးလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်’ဟူသော မြန်မာရှေးဆိုရိုးစကားကိုသာ အမှတ်ရဖို့လိုကြောင်း ရှေ့နေဒေါ်သဉ္ဇာမျိုးက ပြောကြားသည်။
‘‘အမေရိကန်နဲ့ အနောက်နိုင်ငံမှာက အမျိုးသမီးတစ်ယောက်ကို အပျိုဖြစ်ဖြစ်၊ တစ်ခုလပ်မုဆိုးမဖြစ်ဖြစ် ဘယ်သူမှ ရန်စမစော်ကားရဲဘူး။ တန်းတူဆက်ဆံရတယ်။ ခွဲခြားဆက်ဆံရင် အရေးယူလို့ရတယ်။ သူ့ဘာသာ ယောက်ျားတရားဝင်ယူချင်ယူ၊ မယူချင်နေ ဘယ်သူမှ ဘာမှမပြောဘူး။ မြန်မာမှာတော့ ကိုယ့်ဘာသာ လက်မထပ်ဘဲ အတူနေချင်ရင်လည်းနေပေါ့။ ဒါပေမဲ့ အနည်းနဲ့အများ ပတ်ဝန်းကျင်က ပြောတာခံရမှာပဲ’’
ထားထားမြင့်

No comments:

Post a Comment