ကျောင်းသားအရေးရဲ့ အဓိကပြဿနာဟာ လူကြီးလူငယ် ပြဿနာဗျ။ လူကြီးတွေက လူငယ်တွေကို အထင် အမြင်သေးပြီး အရေးလုပ်စရာ မဟုတ်ဘူးထင်ကာ မဆွေးနွေးနိုင်ခဲ့တာ ပြဿနာအရင်းခံပဲ။
မြန်မာနိုင်ငံမှာက အစိုးရတော်ကောက်ခံရပြီး ထိပ်ပိုင်းနေရာ ရောက်လာရင် ရာထူးနဲ့အာဏာ ပြုတ်မှာ အရမ်းကြောက်တဲ့ရောဂါစွဲကုန်တော့တာပဲ။ ဒါကြောင့် အစိုးရကခိုင်းရင် အစိုးရတစ်ဘက်တည်းကြည့်ပြီး မူဝါဒတွေ ရေးဆွဲဆုံးဖြတ်နေကြတာကလည်း ပြင်ဆင်စဉ်းစားရမယ့် အချက်လို့ဆိုချင်ပါတယ်။
အစိုးရဆိုတာ ပြည်သူအတွက် တာဝန်ယူရမယ့် ပြည်သူ့အကျိုးဆောင်ပေးရမယ့် ပြည်သူ့ဝန်ထမ်းတွေပါ။ အစိုးရ ဆိုတာ အာဏာရှင်မဟုတ်ဘူး။ အာဏာရှိပေမယ့် အာဏာကို အစွမ်းကုန် တစ်ဘက်သတ်ချမှတ် သုံးစွဲဖို့ မဟုတ်ဘူးဆိုတာတော့ သိထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီလို့ပြောထားလို့ပါ။
ဘာလုပ်လုပ် ပြည်သူ့မျက်နှာကိုကြည့်လုပ်မှ ပြည်သူ့အစိုးရဖြစ်ပါလိမ့်မယ်။ ကျောင်းသားတွေကို ပညာရေး ဥပဒေမူကြမ်း ဆွေးနွေးစဉ်ကတည်းက အထင်အမြင်သေးပြီး မတူမတန်သလို ဆက်ဆံခံရတာကြောင့် ကျောင်းသားတွေသာမက ဆရာတွေရော၊ ပညာရေးစိတ်ဝင်စားတဲ့ အဖွဲ့တွေပါ ဆွေးနွေးပွဲကို သပိတ်မှောက် ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ပညာရေးဆိုင်ရာ ပညာရှင်ကြီးများအဖွဲ့က ညှိနှိုင်းပြီး ခေါ်ယူ ဆွေးနွေးတာတွေ မလုပ်ဘဲ ငါ့လမ်း ငါလျှောက်မယ်ဆိုပြီး မာန်တွေတက်ခဲ့ကြတာကြောင့် တိုင်းပြည်ပျက် လောက်တဲ့ကိန်းကို ဆိုက်ခဲ့ရတာပါ။ ဒါကြောင့် အဓိက တရားခံဟာ သဘောထားတင်းမာပြီး အာဏာရှင်ဆန်ဆန် ပြုမူကျင့်ကြံတတ်တဲ့ ပညာရေးဝန်ကြီးမှာသာ တာဝန်ရှိပါတယ်။ စတုတ္ထကျောင်းသား သပိတ်ရဲ့ တရားခံဟာ ပညာရေးဝန်ကြီးသာဖြစ်တယ်လို့ပြောရင် မမှားပါဘူး။ စတုတ္ထကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ရတဲ့ သမိုင်းတရားခံကို မြင်သာအောင်ကြည့်ဖို့လိုပါတယ်။
ကျောင်းသားတွေက လေးပွင့်ဆိုင်ကို အားကိုးပြီး တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားသော်လည်း ဦးအောင်မင်းကို အထင်ကြီးလိုက်တာ ပိုပြီးဆိုးသွားပါတော့တယ်။ ပညာရေးဝန်ကြီးအစား အားကိုးရမလားထင်ရသူက ပိုပြီး ဆိုးတဲ့ သဘောထားမျိုးတွေရှိနေတာကြောင့် သည်ပုပ်ထဲကသည်ပဲတွေနဲ့ ဆွေးနွေးတယ်ဆိုတာ အဖြေရနိုင် ပါ့မလားလို့လည်း တွေးဆစရာဖြစ်လာပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ လူငယ်တွေကို နေရာမပေးချင်တဲ့စိတ်၊ တပ်မတော်ထွက်ကလွဲပြီး လုပ်ပိုင်ခွင့်ကို မအပ်နှင်းနိုင်တဲ့ စိတ်ဓာတ်ဆိုးတွေကြောင့် ဌာနဆိုင်ရာ အသီးသီးတွေမှာ အထက်ကို အောက်က ကြောက်လို့ သာလိုက်လျော အထင်မကြီးတဲ့စိတ်ဓာတ်တွေ ကိန်းဝပ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းကစပြီး တပ်ထွက်တွေကသာကြီးစိုး၊ တပ်နဲ့ပတ်သက်တဲ့လူတွေသာနေရာရဆိုတဲ့ အမြင်ကျဉ်းမြောင်းလှတဲ့ အုပ်ချုပ် ရေးနဲ့ စီမံခန့်ခွဲရေးစနစ်တွေကို ပြန်လည်ပြုပြင်ဖို့ လိုဦးမယ်ထင်ပါတယ်။
ကျောင်းသားတွေတောင်းဆိုနေကြတဲ့အချက် ၁၁ ချက်ထဲမှာ ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ် များ ပါဝင်ရေးဆိုတဲ့ အချက်ပါတာသိကြမှာပါ။ ပညာရေးဥပဒေရေးဆွဲတာ အဓိကကျတဲ့ Key Stakeholder တွေ မပါဘဲ ကိုယ့်လူနဲ့ကိုယ် ရေးဆွဲတယ်ဆိုတာ အာဏာရှင်စိတ်ဓာတ် လက်ကျန်တွေ မပြတ်သေးလို့ဆိုတာ ရှင်းနေပါတယ်။
ကျန်တဲ့တောင်းဆိုခွင့်တွေကို လေ့လာလိုက်ရင်လည်း သမဂ္ဂဖွဲ့ခွင့်နဲ့ အသိအမှတ်ပြုခွင့်၊ ဒေသအလိုက် ကျောင်း အလိုက် စီမံခန့်ခွဲပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်ပြင်ဆင်ပေးရေး၊ ကျောင်းသားတွေကို လွတ်လပ်စွာစဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်စူးစမ်းသင်ယူနိုင်တဲ့သင်ကြားနည်း စနစ် တွေ ပြောင်းပေးရေးစတာတွေကို တွေ့ရတယ်။ ဘာမှားသလဲဗျာ။ သူတို့တောင်းတာတွေ ဘာတွေမှားနေသလဲ။ အားလုံးကို သုံးသပ်ကြည့်လိုက်ရင် သူတို့အနာဂတ်လှဖို့အချက်တွေ ပညာရေးဥပဒေမှာ မပါလို့ တောင်းဆို တိုက်ပွဲဝင်လာကြတာကို တကယ်ဆိုရင် လူကြီးတွေက ငါတို့မေ့သွားလို့ (မေ့ချင်ယောင်ဆောင်လို့) ပါလား။ သူတို့ ထောက်ပြတာ ကျေးဇူးတင်လိုက်တာ။ ဒါတွေထည့်စဉ်းစားဖို့ လိုပါလား။ ဒါတွေဖြည့်မှ ပြည့်စုံသွားမှာပါ လားဆိုပြီး သဘောထားကြီးနိုင်ရင် ခုလိုဆိုးရွားတဲ့ အခြေအနေဆိုးကြီးတွေကို တိုင်းပြည်က ရင်ဆိုင်ရမယ် တောင် မထင်ပါဘူး။
ကျောင်းသားတွေ တောင်းတဲ့အချက်တွေထဲမှာ တိုင်းရင်းသားဘာသာစကား လွတ်လပ်ခွင့်နဲ့ မိခင်ဘာသာ စကား အခြေပြု ဘာသာစကားစုံပညာရေးစနစ်၊ မသန်စွမ်းသူများနဲ့ လူတိုင်းအကျုံးဝင်ပညာရေးစနစ်၊ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေအရေးစဉ်းစားပေးဖို့နဲ့ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး၊ အခမဲ့ ပညာရေးကို အလယ်တန်းအဆင့်တိုးမြှင့်ပေးရေးဆိုတာတွေလည်း ပါတာကိုတွေ့ရတယ်။
တကယ်ဆိုရင် ပညာရေးဝန်ကြီးဟာ ပညာရေးဌာနရဲ့ မိဘသာဖြစ်ပါတယ်။ ကိုယ့်သားသမီး မုန့်ဖိုးတောင်းတာ ကို သားတို့သမီးတို့ရယ် တောင်းတာ များတယ်။ ဒီလောက်ပဲခေတ္တယူထား။ အမေမတတ်နိုင်သေးလို့ပါကွယ်။ အမေရှာလိုက်ဦးမယ်။ ထပ်ရရင် ထပ်ပေးမယ်။ အမေ့ကိုစိတ်ချ။ အမေရှာတာ သားတွေသမီးတွေ အတွက်ပဲလို့ ပြောလိုက်ရင် ဘယ်ပထွေးကမှ ကြားဝင်ပြီး မုန့်ဖိုးတောင်းတဲ့ကလေးကို တုတ်ပြပြီး ခြိမ်းခြောက်မယ် တောင် မထင်ပါဘူး။ တစ်ခုတော့ ရှိတယ်ပေါ့ အမေကိုယ်တိုင်က ပထွေးကိုကြောက်ပြီး သားသမီးမျက်နှာထက် လင်မျက်နှာကိုကြည့်ကာ လင်အရက်သောက်ဖို့ပဲ ပံ့ပိုးပေးမယ်နိုင်မယ်ဆိုရင်တော့ ဒီလိုအမေမျိုးကို သားသမီး တွေ မကြင်နာတာ ရင်နာတယ်လို့ထိုင်ငိုနေလည်း အလကားပဲဖြစ်ပါလိမ့်မယ်။
ကျောင်းသားတွေကို ခေါ်ဆွေးနွေးတာ နေဦး နင်တို့ပထွေးကို ပြန်တိုင်ပင်ရဦးမယ်ဆိုတာမျိုးတွေ၊ ဘယ်လောက်ပဲခေါ်ယူဆွေးနွေးသည်ဖြစ်စေ တောင်ပေါ်ကနေ တောင်အောက်ကို ကြည့်သလို သေးသေး လေးလေးတွေပါကွာ အရေးထားစရာမလိုပါဘူးဆိုတဲ့ အမြင်နဲ့ အထင်သေး အမြင်သေး ခေါ်ယူဆွေးနွေး နေတာမျိုးဆိုရင် ညှိနှိုင်းလို့ပြေလည်မယ် မထင်ကြောင်းပါခင်ဗျား။
ကျော်ဗလ
www.maukkha.org

No comments:
Post a Comment