Wednesday 11 February 2015

နိုင်ငံရေးပဋိပက္ခတွေအကြားမှာ ဗျာများရမယ့် မြန်မာ့စီးပွားရေး

၂၀၁၅ ထဲ ဝင်ရောက်လာတယ် ဆိုတာ နဲ့ပဲ ကြိုတင်ခန့်မှန်းထားခဲ့ကြတဲ့ အတိုင်း နိုင်ငံရေးအရ လွန်ဆွဲမှုတွေနဲ့အတူ ရင်လေးစ ရာဖြစ်နေဆဲဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး ပြဿ နာတွေကလည်း တောက်လျှောက်ဆိုသလို ပေါ်လာခဲ့ ပါတယ်။
ဇန်နဝါရီလအစကို ပြန်ကြည့်မယ်ဆိုရင်ပဲ သမ္မတနဲ့ လွှတ်တော်အကြား အပြန်အလှန် သဝဏ်လွှာ ပို့ပြီး ဘော်လီဘောပုတ်မှုတွေက နိုင်ငံရေး လွန်ဆွဲမှုတွေ အတွက် ထင်ဟပ်စရာ ဖြစ်နေခဲ့သလို ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း အ စိုးရရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒါ့အပြင် အငြင်းပွားစရာ ကွဲလွဲမှုတွေဖြစ် စေတဲ့ မျိုးစောင့်လိုဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် လည်း လွှတ်တော်အတွင်း ဆွေးနွေးမှုတွေက စတင်နေ ခဲ့ပြီဖြစ်သလို နိုင်ငံတကာနဲ့ လူမျိုးစုအချို့ကလည်း အဲဒီ ဥပဒေတွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ အဲဒီဥပ ဒေတွေနဲ့ပတ်သက်လို့ ဝေဖန်ခဲ့တဲ့ ကုလကိုယ်စားလှယ် အပေါ် ရဟန်းသံဃာတော်အချို့ရဲ့ တုံ့ပြန်မှုတွေက လည်း မှင်တက်စရာ ဖြစ်နေပါတယ်။
ပညာရေးဥပဒေကို အကြောင်းပြုပြီး သပိတ် မှောက်မှုတွေကလည်း မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ပြဿနာတွေ၊ နိုင်ငံသား ရပိုင်ခွင့်တွေအတွက် တန်ပြန် လှုပ်ရှားမှုတွေအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး လူ့အခွင့်အ ရေး ချိုးဖောက်ခံရမှုလို ကိစ္စတွေက ဆက်တိုက်ဆိုသလို ဖြစ်လာတာကလည်း မငြိမ်းချမ်းခြင်းရဲ့ သင်္ကေတတစ် ရပ်လို ဖြစ်လာနေပါတယ်။
လတ်တလော ပြည်သူတွေအနေနဲ့ နေ့စဉ် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတာကလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုပြဿနာ၊ စားဝတ်နေရေး ပြဿနာနဲ့ အလုပ် အကိုင်ရှားပါးမှု၊ ဆင်းရဲမွဲတေမှု စတဲ့ ကိစ္စတွေဖြစ်နေ တာကြောင့်လည်း ဒီ ၂ဝ၁၅ ခုနှစ်အတွင်းမှာ နိုင်ငံရေး ပြဿနာတွေအကြား စီးပွားရေး တိုးတက်မှုနှုန်းတွေ ခါ တိုင်းနှစ်ထက် ပိုမိုနှေးကွေးလာမလား၊ ဘေးထွက်ဆိုး ကျိုးတွေ ရှိလာမလားဆိုတာကလည်း စဉ်းစားစရာကိစ္စ ရပ်တွေ ဖြစ်လာပါတယ်။
ပြည်သူတွေမျှော်လင့်ခဲ့
**************************
ပြန်ကြည့်မယ်ဆိုရင် အစိုးရတက်စ ကာလ တွေမှာ အတန်အသင့်ပေးလာတဲ့ လွတ်လပ်ခွင့်တွေနဲ့ အတူ၊ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေ လုပ် မယ်ဆိုတဲ့ အစိုးရရဲ့ ကတိစကားတွေကြောင့် ပြည်သူ တွေအနေနဲ့ အစိုးရအပေါ် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိခဲ့တာကတော့ ငြင်းမရတဲ့ အချက်ပဲဖြစ်ပါတယ်။ နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်မှုတွေနဲ့အတူ အ လုပ်အကိုင်တွေ ပေါများလာမလား၊ ပွင့်လင်းလာမှုနဲ့အ တူ လူထုအနေနဲ့ ပိုမိုချောင်လည်လာမလား ဆိုတဲ့ ကိစ္စ ရပ်တွေက ပြည်သူတွေ အဓိကမျှော်လင့်ခဲ့တဲ့ အချက် တွေဆိုတာ ငြင်းမရနိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။
အဲဒီအိပ်မက်တွေက ၂ဝ၁၃ ခုနှစ်ထဲ ရောက် လာချိန်မှာတော့ မလွယ်ကူမှန်း ပြည်သူတွေက သိလာ ကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးအောင် ရင်းနှီးမြှုပ်နှံမှုတွေ များလာအောင်လုပ်ဖို့ အခက်အခဲတွေ အများကြီး ရှိနေ တာကြောင့်ဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကလည်း အစိုးရတက်စ အစောပိုင်း ကာလတွေမှာလို မြန်ဆန်မှုမရှိဘဲ အင်မတန်မှ နှေးကွေး လာတာ၊ အတိုက်အခံနဲ့ အစိုးရအကြား နိုင်ငံရေးအရ မကျေလည်မှုတွေ ရှိလာတာ၊ ဘာသာရေး၊ လူမျိုးရေးဆန် တဲ့ပဋိပက္ခတွေ အဓိကရုဏ်းတွေ ပေါ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။
ဘာတွေရသလဲ၊ ဘာတွေမရသလဲ
**********************************
ကျန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ ပြည်သူတွေ တိုက်ရိုက်ခံစားရတဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကတော့ လွတ်လွတ်လပ်လပ် ပြောဆို ခွင့်ရလာတာ ဆန္ဒပြခွင့်ရလာတာ၊ တစ်ချိန်က ဈေးကြီး ပေးကိုင်ခဲ့ရပြီး လူတန်းစားတစ်ရပ်အတွက်သာ ဖြစ်ခဲ့တဲ့ လက်ကိုင်တယ်လီဖုန်းတွေ ပေါပေါများများ သုံးလာနိုင် တာ၊ မီဒီယာလွတ်လပ်ခွင့် အတန်အသင့် ရှိလာတာ စတဲ့ ကိစ္စရပ်တွေကတော့ သိသာမြင်သာရှိတဲ့ တိုးတက် မှုတွေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အစိုးရတက်စက မျှော်လင့်ထားခဲ့ တဲ့ အလုပ်အကိုင်တွေ အခွင့်အလမ်း ပေါများလာမှုနဲ့ စားဝတ်နေရေးလို ကိစ္စရပ်တွေမှာတော့ ထင်သလိုဖြစ် မလာခဲ့တဲ့အပြင် အိမ်ရာဈေးနှုန်းတွေ တစ်ဟုန်ထိုးကြီး မြင့်လာမှုတွေ၊ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာမှု စတဲ့ အကြောင်းတွေကြောင့်လည်း ယခင်ကာလတွေ ထက်တောင် ပိုမိုကျပ်တည်းသလို ဖြစ်လာစေခဲ့ပါတယ်။
အခွင့်အလမ်းအဖြစ် ခရီးသွားလုပ်ငန်းတွေ၊ အင်န်ဂျီအို တွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေမှာ အလုပ်အကိုင် အ ခွင့်အလမ်းတချို့ ပေါ်လာတာလောက်ပဲ ရှိခဲ့ပါတယ်။ လယ်သမားအများစု အနေနဲ့လည်းအဆင်မပြေကြပါဘူး။
အလုပ်အကိုင် များများရနိုင်တဲ့ ရင်းနှီးမြှုပ် နှံမှုတွေကလည်း သီလဝါလို အထူးစီမံကိန်းတစ်ရပ် သာ မဖြစ်မနေ ပေါ်ပေါက်လာတဲ့ အနေအထားမှာရှိနေ ပြီး ကျန်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်လို စီမံကိန်းက လည်း သိပ်ရေရာလှတဲ့ အခြေအနေမှာမရှိသေးပါဘူး။ သိသိသာသာ တိုးတက်လာတဲ့ကဏ္ဍတွေကတော့ ဟို တယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း၊ ဆက်သွယ်ရေးကဏ္ဍ တွေလို ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ရေနံသဘာဝဓာတ် ငွေ့တို့လို ကဏ္ဍတွေမှာပဲဖြစ်ပါတယ်။
ဟိုတယ်နဲ့ ခရီး သွားလာရေး လုပ်ငန်းကတော့ ပြီးခဲ့တဲ့ ၂ဝ၁၄ မှာတင် အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်လောက် ဝင်ခဲ့ ပြီး နိုင်ငံတကာမှ ခရီးသည်သုံးသန်းကျော်လောက် လာ ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှသိရပါတယ်။
တပ်မတော်အစိုးရ လက်ထက်က စလို့ နိုင်ငံအတွက် အဓိကဝင်ငွေရှာပေးတဲ့ ကဏ္ဍတစ်ခု ဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာလည်း နိုင်ငံ တကာရေနံရှာဖွေရေးကုမ္ပဏီတွေ ဝင်ရောက်ခဲ့ပါတယ်။
''ရေနံကုမ္ပဏီတွေ ဝင်လာတယ်၊ လုပ်နေ တယ်ဆိုပေမယ့် အခုက အခက်တွေ့နေတဲ့အချက်တွေ ရှိတယ်။ တစ်ချက်က သူတို့ကို အခွန်တွေ တိုးကောက် လိုက်တာပါ။ နောက်တစ်ချက်က ကမ္ဘာမှာပါ ရေနံဈေးကကျနေတာ။ အချက် တွေကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် ၂ဝ၁၅ မှာ လက်ရှိလုပ်နေသ လောက်ကိုပဲ ကုမ္ပဏီတွေအနေနဲ့ ခဏမှေးပြီး ဆက်လုပ်မယ့် အနေအထားမှာရှိတယ်။ လုပ်ကွက်တိုးချဲ့ဖို့တို့၊ တိုးမြှင့်ထုတ်လုပ် ဖို့တို့လိုကိစ္စတွေ လုပ်မှာမဟုတ်လောက်ဘူး''လို့ မြန်မာ့စီးပွား ရေးလေ့လာသူ ဦးသန်းစိုး(ဘောဂဗေဒ)က သုံးသပ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေရဲ့အခက်အခဲ
**********************************
ရင်းနှီးမြှုပ်နှံမှုတွေ၊ စက်မှုလက်မှုလုပ်ငန်းတွေ ထင်သ လောက်ဖြစ်မလာခဲ့တာ ကြည့်ရင် လာရောက်ရင်းနှီးမြှုပ်နှံဖို့ မြေ ဈေးကြီးမြင့်တာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာ၊ လျှပ်စစ်မီးအပါ အဝင် အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းပေးနိုင်မှု မရှိ တာ၊ နိုင်ငံရေးအရတည်ငြိမ်မှုမရှိသေးတာ၊ ပဋိပက္ခတွေကို ဖြေရှင်း နိုင်မှုမရှိတာတွေက အဓိကကျတဲ့ အတားအဆီးတွေအဖြစ်ရှိနေပါ တယ်။ ဒါ့အပြင် တည်ဆဲဥပဒေတွေက အားနည်းချက်တွေရှိနေတာ တွေကလည်း အဓိက အကြောင်းအရာတစ်ရပ် အဖြစ်ရှိနေပြီး ဗျုရို ကရေစီယန္တရားမှာ ကြိုးနီစနစ်တွေများနေတာတွေကလည်း ရင်း နှီးမြှုပ်နှံလိုသူတွေအဖို့ အခက်အခဲတွေ ဖြစ်စေပါတယ်။
ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်မှုလိုငွေ၊ ငွေကြေးဖောင်းပွမှု၊ ခဝါချမှု
***************************************************************
ကုန်သွယ်မှုပမာဏတွေ များလာပေမယ့် တစ်နိုင်ငံလုံး ထုတ်ကုန်သွင်းကုန် အနေအထားနဲ့ကြည့်ရင် ကုန်သွယ်မှုလိုငွေ ပြတာကလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာတာကြည့်ရင် စိုးရိမ်စရာအနေအထားမှာရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေ က ဆိုကြပါတယ်။
လွှတ်တော်တွေပေါ်လာတာကြောင့် ဝန်ကြီးဌာနအ လိုက် ဘတ်ဂျက်ငွေတွေကို ပြည်သူတွေအနေနဲ့ သိခွင့်ရလာတာ ရှိပေမယ့် အစိုးရအနေနဲ့ ဘယ်ကဏ္ဍတွေက တိုင်းပြည်အတွက် ဘယ်လောက်ဝင်တယ် ဘယ်ကဏ္ဍတွေက တိုင်းပြည်အတွက် ဘယ်လောက်ထွက်နေတယ်ဆိုတာ တိတိကျကျသိရတာမရှိသေး ဘူးလို့လည်း မြန်မာ့စီးပွားရေးအကဲခတ်တွေက ဆိုကြပါတယ်။
၂ဝ၁၄ တစ်နှစ်တည်းမှာတင် ကုန်သွယ်မှုလိုငွေပြတာ က အမေရိကန် ဒေါ်လာသုံးဘီလီယံလောက်ရှိနေတာ၊ ဘတ်ဂျက် လိုငွေပြမှုကလည်း ကျပ်ဘီလီယံ ၃ဝဝဝ လောက်ရှိတာကိုကြည့် ရင် ငွေကြေးဖောင်းပွမှုနှုန်း ကလည်းဆက်ရှိနေဦးမှာ ဖြစ်တယ် လို့ဆိုကြပြီး ဖောင်းပွမှုတအားမမြင့်အောင် ဆက်ထိန်းနိုင်ဖို့ လို တယ်လို့လည်း အကဲခတ်တွေက ပြောကြပါတယ်။ နောက်ပြီး တ ရားမဝင်ကုန်သွယ်မှုနဲ့ မူးယစ်ဆေးဝါးလိုကိစ္စတွေရှိနေတာ၊ ငြိမ်း ချမ်းရေး မရတာနဲ့ ဆက်နွှယ်ပြီး မှောင်ခိုနဲ့ မူးယစ်ဆေးလုပ်ငန်း တွေမှာ အောက်ခြေအာဏာပိုင်တွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေ နှစ်ဖက်စလုံး ပါဝင်ပတ်သက်နေတာတွေကလည်း ဆက် ရှိနေဆဲပါပဲ။
အစိုးရရဲ့ဂျီဒီပီကိန်းဂဏန်းတွေကလည်း အစိုးရ ကိန်းဂဏန်းတွေအဖြစ် ယုံစားလို့မရတဲ့ အနေအထားရှိနေဆဲလို့ ဆိုကြပါတယ်။
တစ်ဖက်မှာလည်း အိမ်ခြံမြေကဏ္ဍရဲ့ အမြင့်ဈေးနဲ့ ဈေး ကွက်အေးစက် လာမှုကလည်း စိုးထိတ်စရာဖြစ်ပါတယ်။ အမြင့် ဈေးမှာရှိနေတဲ့ အဲဒီအိမ်ခြံမြေဈေးကွက်ဟာ စတော့လိုဈေးကွက် တွေ မရှိသေးတဲ့ မြန်မာနိုင်ငံက ငွေကြေးကစားလိုသူနဲ့ ခဝါချလို သူတွေအတွက် အကောင်းဆုံးကစားကွင်း တစ်ရပ်လားလို့ စဉ်းစား စရာဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။
လေ့လာသူတွေက လာမယ့်၂ဝ၁၅ မှာတင် အိမ်ခြံမြေ ပူဖောင်းပေါက်နိုင်တယ်လို့ တွက်ဆထားကြသလို ပူဖောင်းပေါက် လိုက်ရင် သူနဲ့ထောက်ကူထားတဲ့ လုပ်ငန်းတွေ တော်တော်များ များပြိုလဲပြီး စီးပွားရေးကမောက်ကမ ဖြစ်လာနိုင်တယ်လို့ တွက် ဆကြပါတယ်။ အဓိကအားဖြင့် လုပ်ငန်းရှင်များက ချေးငွေအ တွက် အိမ်ခြံမြေကို Deposit အဖြစ် ဘဏ်များတွင် တင်ထား ရမှုအတွက် အိမ်ခြံမြေဈေးကမောက်ကမဖြစ်ပါက ဘဏ်များ ပြိုလဲနိုင်ပြီး ဘဏ်ပိုင်ရှင်များ ကိုယ်တိုင်လည်း မြေများအိမ်များကို ကိုင်ထားမှုကြောင့် ဖြစ်ကြောင်း လေ့လာသူတွေက ဆိုကြပါတယ်။
အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်ကလည်း ၂ဝ၁၅ကို စောင့်နေ
**************************************************************
နိုင်ငံတကာက အကူအညီတွေ အတန်အသင့်ရလာ ပေမယ့်လည်း ၂ဝ၁၃ခုနှစ်လောက်က စလာတဲ့ ပဋိပက္ခနဲ့နိုင်ငံရေး မပြေလည်မှုတွေ ပြောင်းလဲရေး နှေးကွေးလာတဲ့ ခြေလှမ်းတွေ ကြောင့် နောက်လာမယ့် ရွေးကောက်ပွဲအပြီး ပေါ်လာမယ့်အခင်း အကျင်းအထိ စောင့်ရမလို ဖြစ်လာပါတယ်။
ဒါ့အပြင် နိုင်ငံတကာက ထပ်မံဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီတွေကလည်း လာမယ့် ၂ဝ၁၅ အပြီး နိုင်ငံရေးအခင်းအကျင်းအပေါ် အများကြီးမူတည်နေတယ် ဆိုတာကလည်း ငြင်းမရတဲ့ကိစ္စဖြစ်ပါတယ်။
မကြာသေးခင်က မှ ကူညီမယ်လို့ကတိပြုခဲ့တဲ့ အီးယူရဲ့အကူအညီတွေ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှု တွေကလည်း ၂ဝ၁၅ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရ အပေါ် တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီး ဝင် ရောက်လာမယ်လို့လည်း ဆိုင်ရာတာဝန်ရှိသူတွေက အတိအလင်း ပြောဆိုပြီးဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂ဝ၁၅ရွေး ကောက်ပွဲကို ဘယ်လို အသာတကြည် ကျော်ဖြတ်မလဲစတဲ့ ပုစ္ဆာ တွေအကြားမှာ အဖြေအတွက် ရေရေရာရာ မရှိသေးပါဘူး။
ဒါ့အပြင် နိုင်ငံရေးခေါင်းဆောင်တွေအကြား ရသင့်နေ ပြီဖြစ်တဲ့ နိုင်ငံရေး ပဋိညာဉ်ကမရသေးသလို သမ္မတဖြစ်ခွင့်အတွက် တိတိပပပြောဆိုသူ လေးယောက်ဖြစ်လာတဲ့အတွက်လည်း အာ ဏာပြန်လည်ရယူရေးအတွက်ပဲ ဦးတည်ကြတာမျိုးဖြစ်လာပြီး နိုင်ငံအတွက် တခြား လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စရပ်တွေ၊ စီးပွား ရေးနဲ့ လူမှုရေးဆိုင်ရာကိစ္စရပ်တွေမှာ လစ်ဟင်းမှုတွေ ပိုမိုဖြစ်ပေါ် လာမလားဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
လက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက အားရစရာမရှိသေးသလို အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးမကျေလည်မှုနဲ့ ပဋိပက္ခတွေကြောင့်လည်း ၂ဝ၁၅ခုနှစ် က စီးပွားရေးလုပ်ငန်းတွေ လေးလံထိုင်းမှိုင်းလာမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ လေ့လာသူတွေက တညီတညွတ်တည်း ဟောကိန်း ထုတ်ကြပါတယ်။
''၂ဝ၁၅စီးပွားရေးကတော့ နိုင်ငံရေးမပြေလည်မှု တွေ ပဋိပက္ခတွေလို စီးပွားရေးနဲ့မဆိုင်တဲ့ အချက်တွေကြောင့် တုံ့ဆိုင်းတော့မယ်ထင်ပါတယ်။ အဲဒီအချက်တွေ ပိုပိုအရှိန်ပြင်း ပြင်းဖြစ်လေ ၂ဝ၁၅ တစ်နှစ်လုံး wait and see လုပ်နေတဲ့ Multi-national Investment တွေ လာတော့မှာမဟုတ်ပါဘူး။ နိုင်ငံ ရေးနဲ့လူမှုရေးလှိုင်းက အရှိန်ပြင်းပြင်းဖြစ်နေမယ်ဆိုရင် ရင်းနှီးမြှုပ် နှံမှုနဲ့ စီးပွားရေးအလားအလာကမကောင်းပါဘူး။ ဒါမျိုးက ဗျူ ရိုကရေစီ အခြေခံ မကောင်းရတဲ့အထဲ Institution မခိုင်မာတဲ့ အချိန်၊ အင်စတီကျူးရှင်း မဖွံ့ဖြိုးတဲ့အခြေအနေမျိုးမှာ ပေါက်ကွဲမှု ဒါမှမဟုတ် မှားယွင်းတဲ့ထွက်ပေါက်ကနေ အဖြေရှာမှာကိုပဲ စိုး ရိမ်ပါတယ်။ ဒီဖြစ်စဉ်တွေအားလုံးဟာ စီးပွားရေး ကဏ္ဍတွေက တင်မဟုတ်ဘဲ အခြားကဏ္ဍတွေက ဖြစ်နေလို့ အဲဒါကိုစိုးရိမ်ပါ တယ်။ ဒေါ်စုကလည်း မြန်မာနိုင်ငံသားများ စည်းစည်းလုံးလုံးဖြစ် သင့်တယ်၊ ညီညွတ်သင့်တယ်လို့ပြောထားတာ အဲဒါကြောင့်ပဲလို့ ထင်ပါတယ်''လို့ ဦးသန်းစိုးက သုံးသပ်ပါတယ်။
မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းကတော့ ၂ဝ၁၅ ခုနှစ်အတွင်း စီးပွားရေး လေးလံထိုင်းမှိုင်းလာနိုင်ခြေနဲ့ ပတ်သက်လို့ ''စီးပွားရေးမှာ နိုင်ငံရေးတည်ငြိမ်မှုက အရေးကြီး တယ်။ ကျွန်တော်ထင်တာ၊ နိုင်ငံရေး Elite တွေကြား တစ်စုံတစ်ရာ ကျေလည်သဘောတူညီမှု လိုမယ်ထင်ပါတယ်။ အစိုးရဘက်က လည်း ဖြစ်စေချင်တယ်လို့ ထင်ပါတယ်။ အရင်ကာလတွေကတော့ အစိုးရအပေါ် မျှော်လင့်ချက်ထားကြတယ်ပေါ့။ ပြုပြင်ပြောင်းလဲ ရေးစန်းပွင့်ချိန်ပေါ့။ ခုချိန်က Honeymoon period ကုန်သွား ပါပြီ။ အချိန်လည်း နည်းနေပါပြီ။ အစိုးရက ရေတိုဘာလုပ်မှာ လဲ၊ ရေရှည်အတွက် အုတ်မြစ်ကောင်းဘာချမလဲ ဒါပဲ စဉ်းစား ရတော့မှာပါ''လို့ သုံးသပ်ပါတယ်။
 Yangon Media Group

No comments:

Post a Comment