Thursday 12 February 2015

မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းခိုးဝင် လှေတစ်စင်း နစ်မြုပ်၊ လူ ၂၀၃ ဦး သေဆုံး



မြေထဲပင်လယ် အတွင်းတွင် မော်တော်ဘုတ် တစ်စင်း နစ်မြုပ်သွားခဲ့ရာ လှေပေါ်တွင် ပါဝင်လာသော ရွှေ့ပြောင်း ၂၀၀ ကျော် သေဆုံးသွား ခဲ့ ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အတည်ပြုပေးခဲ့ ကြောင်း BBC သတင်းက ဖော်ပြထားသည်။
“ရေထဲမှာ လေးရက်ကြာ မျောနေတဲ့ လူကိုးဦးကို ကယ်ဆယ်ထားလိုက်ပါ တယ်။ ကျန် ၂၀၃ ဦးကတော့ လှိုင်းအောက်ကို ရောက်သွားပါပြီ” ဟု UNHCR မှ ပြောရေးဆိုခွင့်ရ အရာရှိ ကာလော့တာဆာမီက ပြောကြားခဲ့သည်။
အဆိုပါ အခြေအနေမှာ အလွန်ကြောက်လန့်ဖွယ် ကိစ္စဖြစ်သည်ဟု အဆိုပါ ကုလအရာရှိ အမျိုးသမီးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့ကလည်း လေထည့်သွင်းထားသော လှေဖြင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာစဉ် လှေမှောက်ပြီး ၂၉ ဦး သေဆုံးသွားခဲ့ရသေးသည်။
အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်း အနီးတွင် သေဆုံးသူ ခုနစ်ဦး၏ အလောင်းများကို ပြန်လည်တွေ့ရှိရကြောင်း သတင်းများက ဆိုထားသည်။
နောက်ဆုံး မှောက်သွားခဲ့သော လှေသည် လစ်ဗျားမှ ထွက်ခွာလာသည့် နယ်မြေသစ် ရှာဖွေသူ အာဖရိကသားများ စီးနင်းလိုက်ပါလာသည့် လှေဖြစ်သည်ဟု နိုင်ငံတကာ ရွှေ့ပြောင်းများ အဖွဲ့အစည်းက အတည်ပြုထားသည်။
အသက်ရှင်ကျန်ရစ်သူ ကိုးဦးမှာ ပြင်သစ်စကား ပြောနိုင်ကြသောကြောင့် အနောက်အာဖရိကသားများ ဖြစ်ရမည်ဟု အာဏာပိုင်များက ခန့်မှန်းကြသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အီတလီ ရေပိုင်နက်ထဲ၌ အလားတူ မတော်တဆမှု ဖြစ်ပွားခဲ့ဖူးကာ စုစုပေါင်း လူ ၃၆၆ ဦး သေဆုံးသွားခဲ့ပြီးနောက် အီတလီအစိုးရက ကယ်ဆယ်ရေး မစ်ရှင်များကို အဆင်သင့်ပြင်ထားခဲ့သည်။
ကယ်ဆယ်ရေးမစ်ရှင် ထားရခြင်း၏ ရည်ရွယ်ချက်မှာ လစ်ဗျားကမ်းခြေမှ တစ်ဆင့် ထွက်လာသော အာဖရိက ရွှေ့ပြောင်းများကို တင်လာသော လှေများကို စောင့်ကြည့်ရေးအတွက် ဖြစ်ကာ ယခု အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
ဥရောပသမဂ္ဂကလည်း ရေပြင်စောင့်ကြည့်ရေး စစ်ဆင်ရေးများ ပြုလုပ်နေသော်လည်း အီတလီလောက် မလုပ်နိုင်ဘဲ ဒေသ အနည်းငယ်လောက်သာ လုပ်နိုင်သေးသည်။
The voice

No comments:

Post a Comment