Wednesday 3 December 2014

အမည်ခံ ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်သာမက အခြားနိုင်ငံများ ကလည်း အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အရ အကျိုး ခံစားခွင့် ရှိသည့်အတွက် စင်ကာပူအမည်ခံကာ ၀င်ရောက်မှုများ ရှိနေ

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံများတွင် ယခုနှစ်ပိုင်း အတွင်း စင်ကာပူနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု သိသိသာသာ တိုးလာကြောင်းနှင့် ယင်းကဲ့သို့တိုးလာခြင်းသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ စင်ကာပူတစ်ဆင့်ခံ၍ ၀င်ရောက်လာမှုများ ရှိသကဲ့သို့ စင်ကာပူအား တစ်ဆင့်ခံသည့် အခြားနိုင်ငံများ လည်း ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသော သတင်းများအရ သိရသည်။

“စင်ကာပူနာမည်နဲ့ဝင်တာက အမေရိကန်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေကလည်း ရှိပါတယ်။ အဓိကအကြောင်းကြီး နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ money transition နဲ့ ပတ်သက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုက အပြည့်အ၀ ပယ်ဖျက်မပေးသေးပါဘူး။ ဒါကြောင့် အဲဒီကိစ္စမှာ အခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် သူတို့က စင်ကာပူမှာ ကုမ္ပဏီကိုဖွဲ့စည်း တည်ထောင်ပြီးကာမှ မြန်မာ နိုင်ငံထဲကို ၀င်ကြတာပါ။ ဒါကို ကျွန်တော်တို့က အာဆီယံရဲ့ ကတိက၀တ်တွေအရ အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံက ၀င်ဝင်ခွင့်ပြုပေးရပါတယ်။ အလားတူပဲ ထိုင်းနိုင်ငံမှာဖွဲ့စည်းတဲ့ ကုမ္ပဏီဆိုရင်လည်း မြန်မာ နိုင်ငံက ခွင့်ပြုပေးရမှာပါ။ သူဟာ ကိုရီးယားကဖြစ်ချင်လည်း ဖြစ်မယ်။ ဂျပန်ကဖြစ်ချင်လည်း ဖြစ်မယ်။ ASEAN Comprehensive Investment Agreement အရ လက်ခံပေးရပါတယ်။ သူတို့ဟာ အာဆီယံ နိုင်ငံတွေမှာ ဖွဲ့စည်းတဲ့ကုမ္ပဏီတွေ ဖြစ်နေတဲ့အတွက် အာဆီယံကိုပေးထားတဲ့ အခွင့်အလမ်းတွေ ရရှိပါ တယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် Bilateral Free Trade Agreement လက်မှတ် ထိုးထားခြင်း မရှိသေးကြောင်း၊ ထို့အတွက် အမေရိကန်ကုမ္ပဏီတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက် ၀င်လာပါက အာဆီယံကုမ္ပဏီများရရှိသည့် အခွင့်အရေးမျိုး ရရှိမည်မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခင်ကလည်း အမည်ခံရင်းနှီးမြှုပ်နှံမှု အများအပြားရှိခဲ့ကြောင်း၊ အထူးသဖြင့် ၂၀၁၁-၂၀၁၂ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အသစ်စတင်ဖွဲ့စည်းပြီး proposal စတင်လက်ခံချိန်တွင် အမည်ခံ ရင်းနှီးမြှုပ်နှံမှုများ တွေ့ရှိရကြောင်း၊ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းများဖြစ်ကြောင်း၊ လေ့လာစုံစမ်းမှုများ အရ ယင်းကာလတွင် ရာခိုင်နှုန်း ၅၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

“အမည်ခံတွေဟာ ဘာကြောင့်ဖြစ်ခဲ့တာလဲဆိုတော့ တစ်ချိန်တုန်းကဖြစ်ခဲ့တာ ပိုများပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကမြေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လို့မရဘူး။ ပြီးရင် အရင်ဥပဒေအဟောင်းအရ နိုင်ငံခြားကနေ သွင်းလာတဲ့ဝင်ငွေကို ခြောက်ကျပ်နဲ့ ဖလှယ်ရတယ်။ ဆိုတော့ နိုင်ငံခြားသားတွေက ဘယ်လိုမှ လာလုပ်လို့မရတော့ အမည်ခံနဲ့ ငွေလွှဲတာတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေပါ လုပ်လာကြတယ်။ အခု အစိုးရသစ်ကာလမှာတော့ ကျွန်တော်တို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးလိုက်ပြီ။ အမည်ခံတွေဟာ မရှိအပ်တော့ဘူးဆိုပြီး အမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကနေ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေအဖြစ် ၁/၂၀၁၂ အရ ပြောင်းလို့ရအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန်မှာ အမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေက လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူနဲ့ ပြောင်းလို့ရတယ်။ အရေးယူမှုလည်း မရှိဘူး။ ဒါကြောင့် တော်တော်များများ ပြောင်းလာတယ်။ အမည်ခံထားတဲ့လုပ်ငန်း ၃၀ ကျော်လောက် ပြောင်းလာတာတွေ့ရတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အတွက် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်ပိုင်းအတွင်း မြင့်တက်နေကြောင်း၊ အလားတူ Coca Cola ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရ သည်။

ထို့အတူ အိမ်ရာအဆောက်အအုံကဏ္ဍတွင် စင်ကာပူအမည်ခံ၍ ၀င်ရောက်နေသည့် ကုမ္ပဏီအများအပြား ရှိနေကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment