Wednesday 3 December 2014

နိုင်ငံရေး ဆွေးနွေးပွဲကို အချိန်ဆွဲထားပါက တိုင်းပြည် နစ်နာနိုင်ဟုဆို

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အတွက် ပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေပွဲများအား မလိုအပ်ပဲ အချိန်ဆွဲ မထားရန်နှင့် ဆွေးနွေးပွဲများအား မလိုအပ်ဘဲ အချိန်ဆွဲထားပါက တိုင်းပြည် အနေဖြင့် နစ်နာနိုင်ကြောင်း ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြိုးစားမယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲကို စတင်သွားရင် ပိုမို ကောင်းမွန်နိုင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို အားလုံးက အာရုံစိုက်နေဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲကို အချိန်ဆွဲထားရင်တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ အချိန်ဆိုတာက လိုအပ် သလောက်တော့ ဆွဲထားရမှာပေါ့။ မလိုအပ်ဘဲနဲ့ ဒါသက်သက် အချိန်ဆွဲထားတာမျိုး ဆိုရင်တော့ တိုင်းပြည် နစ်နာပါတယ်”ဟု ကချင်ပြည်နယ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အောက်တိုဘာလ အတွင်း ပြုလုပ်သွားမည်ဟု UPWC နှင့် NCCT တို့မှ ပြောကြားခဲ့သော်လည်း ယခုအချိန်တွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ငြိမ်းချမ်းရေးကို နှောင့်နှေး ကြန့်ကြာ စေသည့်အပြင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်သည်လည်း နောက်သို့ ပြန်ဆုတ်သွားခဲ့ရ ပြန်ကြောင်း ထို့ကြောင့် ယခုသွားနေသော နိုင်ငံရေး လမ်းစဉ်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ စနစ်တွင် ပါတီများ၏ အားမာန်ကို အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော် အတွက် အသုံးချမည် ဆိုပါက များစွာအကျိုး ရှိနိုင်သည့်အတွက် နိုင်ငံရေးပါတီများအား တိုင်းရင်းသား လက်နက် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထား သည့် UNFCနှင့်သာမက NCCTနှင့်ပါ တွေ့ဆုံပေးစေလိုကြောင်း ၄င်းက ဆက်၍ ပြောခဲ့သည်။

နှစ်ပေါင်း ၆၀ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ပြဿနာ တစ်ခုကို ဖြေရှင်းရသည့် အခါတွင် ချက်ခြင်း ပြီးနိုင်မည် မဟုတ်သော်လည်း ပြည်သူလူထု လိုချင်သော စစ်မှန်ပြီး၊ ရေရှည် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို နိုင်ငံတော် သမ္မတ အနေဖြင့် စတင်နိုင်အောင်နှင့် ပြီးဆုံးနိုင်သည် အထိ ဦးဆောင်ပေးရန် ကရင်ပြည်သူ့ ပါတီမှ ဦးစောထွန်းအောင်မြင့်ကလည်း တိုက်တွန်းပြောကြားခဲ့သည်။

ကိုလူသစ်
Tomorrow News Journal 

No comments:

Post a Comment