Wednesday 3 December 2014

ကွယ်လွန် ပြီးသည့်တိုင် Apple အတွက် တရားခွင်တွင် လျှောက်လဲချက် ပေးသွားမည့် စတိဗ်ဂျော့ဘ်စ်

Apple အမှုဆောင် အရာရှိချုပ် စတိဗ် ဂျော့ဘ်စ်သည် ကွယ်လွန်ခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီ၏ အမှုကိစ္စ အတွက် တရားရုံးတွင် လျှောက်လှဲချက် ပေးသွားမည်ဟု ဆိုသည်။

စတိဗ် ဂျော့ဘ်စ်သည် ဆီးကြိတ်ကင်ဆာဖြင့် ၎င်း မကွယ်လွန်မီ လပိုင်းအလို ၂၀၁၁ ခုနှစ်အတွင်းက Apple ၏ အမှုကိစ္စ အတွက် တရားရုံးတွင် လျှောက်လဲ ချက်ပေးသည့် ဗီဒီယိုတစ်ခုကို ရိုက်ကူးထား ခဲ့ခြင်းဖြစ် သည်။ မည်သူမျှ ကြည့်ရှုခဲ့ဖူးခြင်း မရှိသေးသည့် အဆိုပါ ဗီဒီယိုကို ယခုအခါ Apple ရင်ဆိုင်ရသည့် အမှုကိစ္စအတွက် စတိဗ် ဂျော့ဘ်စ်၏ လျှောက်လဲချက် အဖြစ် တရားရုံးတွင် တင်ပြသွားမည်ဖြစ်သည်။

ထိုဗီဒီယိုတွင် Apple ၏ ဂီတဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် ယုံကြည်မှုဖောက်ဖျက်ကာ ဥပဒေချိုးဖောက် ခဲ့ကြောင်း စွဲချက်ကို စတိဗ်ဂျော့ဘ်စ်က ခုံခံချေပ ပြောကြား ထားသည်ဟု CNN သတင်းက ဆိုသည်။ အဆိုပါအမှုတွင် တရားလိုများက Apple သည် ၎င်း၏ အစောပိုင်းထုတ် iPod အမျိုးအစား များတွင် iTune မှ ဝယ်ယူထားသော သီချင်းများကိုသာ ဖွင့်နိုင်ရန် စီမံထားပြီး အခြားသော ဂီတဝန်ဆောင်မှုများမှ သီချင်းများကို ဖွင့်မရနိုင်အောင် ပိတ်ပင်ထားကြောင်း စွပ်စွဲထားသည်။

တရားလိုများ၏ စွပ်စွဲချက်အပေါ် Apple အနေဖြင့် ဂီတဝန်ဆောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဂီတ လုပ်ငန်းများနှင့် အဖြူအမဲ ကွဲပြားရှင်းလင်းသည့် စာချုပ် စာတမ်းများ ချုပ်ဆိုထားခဲ့ကြောင်း စတိဗ် ဂျော့ဘ်စ်က ဗီဒီယိုထဲတွင် ချေပပြောကြားသည်ဟု ဆိုသည်။ ယခု အမှုကိစ္စအတွက် တရားလိုရှေ့နေများ က Apple ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ လျော်ကြေးရလိုကြောင်း တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့ တရားရုံး၌ ကြားနာစစ်ဆေးမှု စတင်မည်ဖြစ်သည်။

Ref: Time, CNN
Mizzima - News in Burmese 

No comments:

Post a Comment