Wednesday 3 December 2014

ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့ရာ ကိုပါကြီး သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနက KKO (Klohhtoobor Karen Organization) မှ ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြား ရေး တာဝန်ခံ ကိုအောင်နိုင်ဟု သတ်မှတ်ထားသည့် အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး၍ လူအခွင့်အရေးကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ တင်ပြရန် နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အား ညွှန်ကြားထားရာ စုံစမ်းစစ်ဆေးမှုများကို ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကိုပါကြီးသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ ဒေသသို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားသောပုဂ္ဂိုလ်များ အပါအဝင်  စုစုပေါင်းသက်သေ ၄၇ ဦးအား စစ်ဆေးမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်၊ ဓာတုဗေဒဝန်ရုံးနှင့် မှုခင်းတပ်ဖွဲ့မှူး ရုံးတို့မှ အထောက်အထားများ ရယူစုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုပါကြီးဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အကြံပြု တိုက်တွန်းချက် များ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ ရဲလုပ်ငန်း များ ကုန်စင်အောင်ဆောင်ရွက်ပြီး တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သင့်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေသော ကိစ္စရပ်များမှအပ လူထုနှင့် ထိတွေ့ ဆက်ဆံရသော အမှုကိစ္စများတွင် ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများကို ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကိုပါကြီးသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ ဒေသသို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် အခြားသောပုဂ္ဂိုလ်များ အပါအဝင်  စုစုပေါင်းသက်သေ ၄၇ ဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ . . . . . 
ထို့ပြင် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး (ကလောင်အမည်အောင်ကြီး) ဆိုသူသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်၍ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်ဖြစ်ပြီး၊ ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်သာဖြစ်ကြောင်း၊ ထို့ကြောင့် ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိစေရန်နှင့် အများပြည်သူအမြင်တွင် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဤအမှုကို နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်သည်ဟု အကြံပြုခဲ့သည်။

ကော်မရှင်၏ ထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေး တွေ့ရှိချက်များလည်း ဖော်ပြထားရာ ကိုအောင်နိုင်ဆိုသူ အား တပ်မတော်တပ်ဖွဲ့များမှ ထိန်းသိမ်း၍ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်စဉ် နေ့အချိန်တွင် လက်ပြန်ကြိုး တုပ်၍ လည်းကောင်း၊ ညအချိန်တွင် ခြေထောက်ပါတုပ်၍ လည်းကောင်း လုံခြုံရေး ကင်းချထားပြီး ထိန်းသိမ်းခဲ့သော်လည်း တပ်မဌာနချုပ်တွင် ခေတ္တထိန်းသိမ်းထားစဉ် တုပ်နှောင်ခြင်းမပြုဘဲ လုံခြုံရေးကင်းဖြင့်သာ ထိန်းသိမ်းထားခဲ့ကြောင်းနှင့် စစ်သည်များစားသကဲ့သို့ပင် အစားအသောက်များ ကျွေးမွေးခဲ့ကြောင်းကို စစ်ဆေးသိရှိရကြောင်း၊ ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားစဉ်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် သက်သေထွက်ဆိုချက်များ မရှိကြောင်း၊ အမှတ် (၂၁ဝ) ခြေမြန် တပ်ရင်း မှ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးသည် အချုပ်သားကို စနစ်တကျ ချုပ်နှောင်ခြင်း၊ ကြပ်မတ် ကွပ်ကဲခြင်း၊ ထွက်ပြေးပါက အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်နည်းစနစ်များအား ရှင်းလင်းညွှန်ကြား ခြင်းများ အားနည်းခဲ့ကြောင်း စစ်ဆေးသိရှိရသည်ဟု ပါရှိသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုအောင်နိုင်ဆိုသူ၏ အလောင်းအား ရင်ခွဲစစ်ဆေးချက်နှင့် ထင်မြင် ယူဆ ချက် အစီရင်ခံစာကို ရရှိခဲ့ရာ သေဆုံးရခြင်းအကြောင်းရင်း ဆေးစစ်အစီရင်ခံချက်မှာ ဦးခေါင်း၊ ရင်ခေါင်း၊ ပေါင်နှင့်ခြေဖနောင့်တို့တွင် ရရှိသော သေနတ်ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခဲ့ရာ ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးဆိုသူအား DKBA အဖွဲ့ဝင်ဟု လည်းကောင်း၊ သတင်းရယူသူတစ်ယောက်အဖြစ် လည်းကောင်း မှတ်ယူနိုင်ခြင်းမရှိကြောင်း သုံးသပ်ချက်နှင့် ကိုပါကြီးအား KKO အဖွဲ့ဝင်တစ်ဦးဟု လည်းကောင်း၊ သတင်းထောက်တစ်ဦးဟု လည်း ကောင်း တစ်ထစ်ချကောက်ချက်ချရန် ခက်ခဲသည့်အနေအထားရှိကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ရှင်းလင်းရေးသားထားသည်။

Eleven Media Group 

No comments:

Post a Comment