Monday 22 December 2014

အမေရိကန် နှင့် ဆက်ဆံရေး ပျော့ပြောင်းလာသော်လည်း ကျုးဘားက ကွန်မြူနစ် စနစ်ကို စွန့်လွှတ်မည် မဟုတ်

ကျူးဘားနှင့် ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်လာရေး အမေရိကန်၏ လတ်တလော ဆောင်ရွက်မှုများကို ကြိုဆို သော်လည်း ကျူးဘားနိုင်ငံအနေဖြင့် နိုင်ငံရေးစနစ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကျူးဘားသမ္မတ ရာအူးလ်ကက်စထရို က ပြောကြား လိုက်သည်။

ကျူးဘားအပေါ် စီးပွားရေးပိတ်ပင်မှုများအား အမေရိကန်ကမရုပ်သိမ်းရသေးမီ ကျူးဘားနိုင်ငံသည် ရှည်လျား၍ ခက်ခဲကြမ်းတမ်းသော ရုန်းကန်မှုတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း ကက်စထရိုက ဆိုခဲ့သည်။ လာမည့်နှစ်တွင် ပနားမား၌ပြုလုပ်မည့် အမေရိကဒေသနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုကဆိုခဲ့ပြီး  သူသည်ထိုဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမား နှင့် တွေ့ဆုံနိုင်မည် ဖြစ်သည်။

ကွန်မြူနစ်ကျူးဘားနှင့် အမေရိကန်အကြား ဆက်ဆံရေးကဏ္ဍသစ်တစ်ရပ်စတင်မည့် အကြောင်းကို အိုဘားမား က ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
          
ထိုအပြောင်းအလဲများမှာ နှစ်ပေါင်း ၅၀ ခန့် အတွင်းတွင် ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒများနှင့် ပတ်သတ်၍ အရေးအကြီးဆုံးသော အပြောင်းအလဲများဟု အိုဘားမားကဆိုခဲ့သည်။ ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များမှစတင်၍ အမေရိကန်နှင့်ကျူးဘားဆက်ဆံရေး စတင်ဆိုးဝါးခဲ့ခြင်းဖြစ်ကာ၊ ကျူးဘား တော်လှန်ရေးအပြီးတွင် အမေရိကန်သည် ကျူးဘားနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့ကာ ကျူးဘားနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့အရေးယူမှုများ ပြဌာန်းခဲ့သည်။

ရာအူးလ်ကက်စထရိုက “အမေရိကန်နဲ့ ဆက်ဆံရေး မြှင့်တင်မယ်ဆိုပေမဲ့ ကျူးဘားနိုင်ငံဟာ ရာစု တစ်ခုကျော်ကြာအောင် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တဲ့ခံယူချက်တွေကို စွန့်လွှတ်ပစ်မယ်ဆိုတာမျိုး ကျွန်တော်တို့ ဟန်မဆောင်နိုင်ပါဘူး” ဟု ကျူးဘားသမ္မတက ပြောခဲ့သည်။

Ref: BBC

No comments:

Post a Comment