Monday 22 December 2014

ကော့သောင်း ခရီးသွား ၂၀ ရာခိုင်နှုန်းကျော် တက်မည်ဟု ခန့်မှန်း

မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး မြို့ဖြစ်သော ကော့သောင်းမြို့သို့ ယခင်နှစ်ထက် ခရီးသွား ၂၀ ရာခိုင် နှုန်းကျော် တက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ကော့သောင်း) က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကော့သောင်းမြို့သို့ ခရီးသွားများသည် စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်သည့်အပြင် နယ် စပ်ဝင်ပေါက်မှ လာရောက် လည်ပတ်ကြကြောင်း၊ လည်ပတ်သူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ခရီးသွားက တဖြည်းဖြည်းလာတာ များလာတော့ လိုင်စင်ရ စက်တပ်ရွက်လှေ ကုမ္ပဏီတွေ တိုးလာသလို စက်တပ်ရွက်လှေတွေလည်း တိုးလာတယ်။ ဒီနှစ် ဒီဇင်ဘာဆိုရင် မနှစ်က ဒီဇင်ဘာထက် ခရီးသွား ၃၀ ရာ ခိုင်နှုန်းလောက် တက်လာတယ်” ဟု ၎င်းကဆိုသည်။

ကော့သောင်းမြို့နှင့် လေးမိုင်အကွာရှိ နေဝင်ချိန်တွင် အလွန်လှသည့် ဆလုံကျွန်း အပါအဝင် မြိတ်ကျွန်းစု များ၏ အလှအပများကိုခံစားရင်း ရေငုပ်ရန် အဓိကလာရောက်ကြကြောင်း၊ အချို့ နိုင်ငံခြားသား ခရီးသွား များမှာ ဆလုံလူမျိုးများ နေထိုင်ရာကျွန်းများကို လေ့လာရန် လာရောက်ကြကြောင်း ကော့သောင်းမြို့ ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ကော့သောင်း၊ သူဌေးကျွန်းနှင့် ရတနာကျွန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက်ထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းသုံးသောင်းကျော် ဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။

ကော့သောင်းတွင် ဟိုတယ် နှစ်လုံးရှိပြီး အခန်းပေါင်း ၂၅၂ ခန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ လိုင်စင်ပေးပြီး တစ်နိုင်ငံလုံးရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ စာရင်းအရ သိရသည်။

The Voice Weekly 

No comments:

Post a Comment