Monday 22 December 2014

အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

အခြေခံဥပဒေပြင်ဆင် သည့် ဥပဒေကြမ်းကို ဇန်န၀ါရီ အတွင်း ပြန်လည်ကျင်းပမည့် (၁၂) ကြိမ်မြောက် လွှတ်တော် သို့ တင်သွင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိ တွင် ဥပဒေကြမ်းရေးဆွဲမှု ၆၀ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော အခြေခံဥပဒေပြင်ဆင်ရေးလေ့လာမှုကော်မတီ၏ အစီရင် ခံစာကို အခြေခံရေးဆွဲသွားမည်ဖြစ်ပြီး အချို့ပြင် ဆင်သင့်သည့်အချက်များကို ပြင်ဆင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ပြောသည်။

‘‘၆၀ ရာခိုင်နှုန်းလောက် ဆွေးနွေးပြီးသွားပြီ။ အစီရင်ခံစာကို အခြေခံပြီး ရေးဆွဲမှာပေါ့။ အဲဒီမှာ ပြင်သင့်တဲ့ အချက်တွေရှိရင် တော့ ပြင်ရမှာပေါ့’’ဟု ဒေါက် တာစိုးမိုးအောင်ကပြောသည်။

အစီရင်ခံစာသည် အကြမ်းဖျင်းသဘောသာဖြစ်ပြီး ဥပဒေကြမ်းတွင်မူ အသေးစိတ်အချက်အလက်များ ထည့်သွင်းရေးဆွဲရမည်ဖြစ်ကာ ဇန်န၀ါရီအတွင်း ပြန်လည်ကျင်းပမည့်(၁၂)ကြိမ်မြောက်လွှတ်တော် အစည်းအဝေးများအမီ တင်သွင်းရမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

နိုင်ငံအတွက် အရေးကြီးသော အဆိုပါဥပဒေကြမ်းကို ရေးဆွဲကာ လွှတ်တော်သို့တင်ပြရမည့် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် မူလပါဝင်သည့် အရေအတွက်ထက်လျှော့ချ၍ တပ်မတော် သားကိုယ်စားလှယ်များကို ထည့်သွင်းမှုမပြုခြင်းသည် စဉ်းစားဖွယ်အချက်တစ်ခုဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

ထိုသို့တပ်မတော်သားများ ထည့်သွင်းမှုမပြုခြင်းသည် အခြေခံဥပဒေပြင်ဆင်ရေးဆွေနွေးရာတွင် အရေးကြီး သည့် ပုဒ်မများနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်များနှင့် အရပ်သား ကိုယ်စားလှယ်များ အကြား သဘောထားမတူညီမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ကျင်းပပြီးစီးခဲ့သည့်(၁၁)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်း အဝေးကာလအတွင်း ကိုယ်စား လှယ်ပေါင်း ၁၀၀ကျော် ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

ယင်းလုပ်ငန်းစဉ်အရ ဇန်န၀ါရီအတွင်း ပြန်လည်ကျင်းပမည့်(၁၂)ကြိမ်မြောက်လွှတ်တော်တွင် ပြင်ဆင်ရေး ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုမည်ဖြစ်ကာ မေလအတွင်း ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်သွားရန် လျာထား သတ်မှတ်ထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောကြားထားသည်။

7Day DAILY 

No comments:

Post a Comment