Friday 12 September 2014

မလေးရှားနိုင်ငံနှင့် ရန်ကင်းကလေးဆေးရုံတို့ ပူးပေါင်းကာ မွေးရာ ပါနှလုံးရောဂါဝေဒနာ ရှင် ခုနစ်ဦးအား အခမဲ့ ခွဲစိတ်ကုသ

ရန်ကင်းကလေးဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် များအား မလေးရှားနိုင်ငံမှ ဆရာဝန်များ လာရောက်ခွဲစိတ်ကုသမှု ကို ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ခွဲစိတ်ကုမှုများနှင့် ပတ်သက် ၍ စက်တင်ဘာ ၁၁ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းကလေးဆေးရုံနှင့်  မလေးရှားနိုင်ငံမှ ဆရာဝန်များပူးပေါင်းကာ ယခင်ကလည်း လာရောက်ခွဲစိတ်မှု ရှိ ခဲ့သော် လည်း ယခုတစ်ကြိမ်မှာမူ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်များအားလုံး အခမဲ့ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ခွဲစိတ်ကုသမှုများအတွက် မလေးရှားနိုင်ငံအခြေစိုက် CIMB ဘဏ်က ငွေကြေးများ ထောက် ပံ့ပေး ခဲ့ကြောင်း သိရသည်။

ခွဲစိတ်ကုသမှုများကို ဩဂုတ်လအတွင်းက ရန်ကင်းကလေးဆေးရုံကြီး၌ မလေးရှားနိုင်ငံ IJN ဆေး ရုံမှ နှလုံးရောဂါခွဲစိတ်ဆရာဝန်ကြီးများနှင့် ရန်ကင်းကလေးဆေးရုံ မှ ကလေးနှလုံးရောဂါခွဲစိတ် အထူးကု ဆရာဝန်များ ပူးပေါင်းကာ အသက်ခြောက်နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးငယ်ခုနစ်ဦးအား ခွဲစိတ်ပေး ခဲ့ကြောင်း သိရသည်။

ရန်ကင်းကလေးဆေးရုံနှင့် မလေးရှားနိုင်ငံမှ အမျိုးသားနှလုံးရောဂါအထူးကုဆေးရုံကြီး (IJN)  တို့ပူးပေါင်း ၍ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များအားခွဲစိတ်မှုမှာ တတိယကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ် အနေဖြင့် မတ်လအတွင်းက အသက်ကိုးလမှ ခုနစ်နှစ်အတွင်းရှိ ကလေးငယ်လေးဦး၊ ဒုတိယ အကြိမ်အနေဖြင့် မေလအတွင်းက အသက်လေးနှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးငယ် ခုနစ်ဦး ခွဲစိတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မွေးရာပါနှလုံးရောဂါဝေဒနာရှင်တွေအနေနဲ့ ခွဲစိတ်ကုသမှုကုန်ကျစရိတ်က အရမ်းကိုကြီးပါတယ်။ အခုလက်ရှိ မှာတော့ အစိုးရအနေနဲ့ရော အခုလာရောက်ခွဲစိတ်ပေးကြတဲ့ အဖွဲ့တွေကရော ထောက်ပံ့ပေး ထားတဲ့ စက်ပစ္စည်း၊ ကိရိယာတွေ၊ နည်းပညာတွေရှိလာတဲ့အတွက် မနှစ်ကနေစပြီး ခွဲစိတ်ရ ခက်ခဲတဲ့ နှလုံးရောဂါဝေဒနာရှင်တွေကို စတင်ကုသပေးခဲ့ပါတယ်။ အဲဒီအခါမှာ တတ်နိုင်တဲ့သူတွေအနေနဲ့ သူတို့ဘာသာ ကုန်ကျခံပြီး ခွဲစိတ်ကြသလို နွမ်းပါးတဲ့သူတွေအတွက်လည်း လာရောက်လှူဒါန်းတဲ့ အလှုရှင်တွေရဲ့ လှူဒါန်းမှုပေါ်မှာမူတည်ပြီးတော့ ခွဲစိတ်မှုတွေကို ပြုလုပ်ပေးနေပါတယ်”ဟု ရန်ကင်း ကလေးဆေး ရုံမှ ဆေးရုံအုပ်ဒေါက်တာအောင်မြင့်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှလုံးခွဲစိတ်အထူးကုဆရာဝန်များ လုံလောက်စွာမရှိခြင်းနှင့် နည်းပညာပိုင်းအားနည်းခြင်း များကြောင့် မွေးရာပါ နှလုံးရောဂါခွဲစိတ်ကုသရန် အခက်အခဲများရှိပြီး ပြည်ပနိုင်ငံများသို့သာ သွားရောက် ကုသရကြောင်းနှင့် ပြည်ပသို့သွားရောက်ကုသပါက သိန်း ၃ဝဝ ခန့်ကုန်ကျနိုင်မည်ဖြစ်ပြီး ပြည်ပမှ ဆရာဝန်များ အနေဖြင့် ယခုကဲ့သို့ လာရောက်ခွဲစိတ်ကုသပေးခြင်းများကြောင့် လူနာများအနေဖြင့် ၁၅ သိန်းဝန်း ကျင်ခန့်သာ ကုန်ကျခံကာကုသခံယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကင်းကလေးဆေးရုံရှိ ကလေးနှလုံးရောဂါအထူးကုဌာနကို ၂ဝ၁၂ နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ အချိန်ထိ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်မှုပေါင်း ၄၅ဝ ကျော်ပြု လုပ်ခဲ့ပြီးဖြစ်ကြော င်းနှင့် နှလုံးရောဂါ ခွဲစိတ်ကုသမှုများအတွက် စင်ကာပူ၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် နှလုံးခွဲစိတ်မှုများနှင့် ပတ်သက်၍  လာရောက်စာရင်းပေးသွင်းထားသည့် ဦးရေပေါင်း ၅ဝဝဝ ကျော် ရှိနေကြောင်းနှင့် ကလေးငယ် ၁ဝဝဝ မွေးဖွားပါက ရှစ်ဦးသည် မွေးရာပါနှလုံးရောဂါဝေဒနာ ရှင် များဖြစ်နေပြီး လက်ရှိ မြန်မာနိုင်ငံတွင် နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး ရှစ်ဦးသာရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment