Wednesday 3 September 2014

သာကေတ ၁၀/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ ခိုက်ရန်ဖြစ်ပွားမှုမှ ဦးဆောင်သူများအား ဖမ်းဆီးထား

သာကေတမြို့နယ် ၁ဝ/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွား မှုဖြစ်စဉ်မှ ဦးဆောင်သူများဖြစ်သည့် နေမျိုးအောင်နှင့် မြင့်အောင်တို့အား ဖမ်းဆီးအမှုဖွင့်ထားပြီး အင်း စိန်ထောင် ၌ ချုပ်နှောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ ၁ဝ/တောင် ၁၃ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် တုတ်၊ ဓားကိုင်ဆောင်ကာ ခိုက်ရန်ဖြစ် ပွားနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းက တာဝန်ရှိသူများ သွားရောက် ထိန်းသိမ်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁ ထူပါရုံရပ်ကွက်နေ ကိုလေး(ခ)မြင့်အောင် (ခ)စောဇော်မှိုင်းပါ ရှစ်ဦးခန့်နှင့် သာကေတမြို့နယ်၊ ၁ဝ/တောင် ၁၃ ရပ်ကွက်နေ နေမျိုးအောင်ပါ ၁ဝ ဦးခန့်တို့ ခဲများဖြင့် အပြန်အလှန်ပစ်ပေါက်ကာ ခိုက်ရန်ဖြစ်ပွားနေခြင်းဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကိုလေး(ခ)မြင့်အောင်၏ Nissan Cectric ယာဉ်မှာ ရှေ့လေကာမှန်ကွဲသွားခဲ့ကာ အခင်းဖြစ်ပွားရာအနီး၌ ရပ်ကြည့်နေသည့် အမျိုးသားတစ်ဦး၏ ဦးခေါင်းအား ခဲထိမှန်သဖြင့် ဆေးကုသမှု ခံယူခဲ့ရသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် အဖွဲ့များသည် ယင်းမြို့နယ်၏ နာမည်ကြီးလူမိုက်များဖြစ်ကြောင်းနှင့် ၎င်းတို့အား ထိထိရောက်ရောက် အရေးယူစေလိုကြောင်း ယင်းရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်နည်းတူ သာကေတမြို့နယ်တွင် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏ ဖြစ် ပွားလေ့ရှိပြီး ပြဿနာ အများစုကို ငွေကြေးဖြင့်ဖြေရှင်းမှုများလည်း များစွာရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်၏ အဖွဲ့တစ်ဖွဲ့မှ ဦးဆောင်သူ မြင့်အောင်(၄၅)နှစ်အား သာကေတ မြို့မရဲစခန်းက (ပ)၄၁၄/ ၁၄၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ)ဖြင့် လည်းကောင်း၊ နေမျိုးအောင်အား သာကေတ နယ်မြေရဲစခန်းမှ (ပ)၅ဝ၆/၁၄၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် အမှုဖွင့်ထားပြီး အင်း စိန်ထောင်တွင် ချုပ်နှောင်ထားရှိကာ ၎င်းတို့နှင့် ဆက်စပ်ကျူးလွန်သူများကို စုံစမ်းပြီး ဖမ်း ဆီးနိုင်ရေး ဆောင် ရွက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment