Friday 22 August 2014

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်တန်ချိန် နှစ်ထောင်ကျော် ထပ်မံရောင်းချပေးမည်

သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ သစ်မာသစ်လုံး ၁,၆၄၆ လုံး (၂,၁၇၂ ဒသမ ၃၃၂ တန်)ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ၂၈ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်သည်ဟု မြန်မာ့သစ် လုပ်ငန်း အိတ်ဖွင့်တင်ဒါကျင်းပရေး ကော်မတီက ၂၂ ရက်က ထုတ်ပြန်သည်။

မြန်မာ့သစ်လုပ်ငန်း သစ်တောထွက်ပစ္စည်းဖက်စပ် ကော်ပိုရေးရှင်းလီမိတက် ပြည်ပရောင်းဌာန ခေတ္တအထွေ ထွေ မန်နေဂျာ ဦးစိုးမိုးဝင်းက “ ပြည်ပသစ်လုံးတင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ကိုယ့်တိုင်း ရင်း သား လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာဖြစ်ဖို့ရယ်၊ သစ်အခြေခံစက်မှုလုပ်ငန်းတွေ တိုးတက်ဖို့နဲ့ သစ်ပရိဘောဂ လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ကို ရည်ရွယ်ပြီးရောင်းချပေးတာပါ ”ဟု ဆိုသည်။

တင်ဒါလျှောက်လွှာအတွက် ပုံစံကြေးအဖြစ် ကျပ်တစ်သောင်းသတ်မှတ်ထားပြီး သမာဓိအာမခံအတွက် ကျပ် ၂၅ သိန်း သတ်မှတ်ထားသည်ဟု ယင်းကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

သစ်လုံးဝယ်ယူမှုကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ကျပ်ငွေသာမက နိုင်ငံခြားငွေဖြင့်ပါ ရောင်းချပေးသွား မည်ဖြစ်ပြီး ကြို့ကုန်းသစ်တောဝင်း (အင်းစိန်)ရုံး၌ ယခုလ၂၈ ရက်တွင် ရောင်းချပေးသွားမည်။

သြဂုတ်လ ၁၁ ရက်ကလည်း ကျွန်းသစ် တန်ချိန် ၁,၅၄၀ ၊ အခြားသစ်အမျိုးအစား သစ်တန်ချိန် ၁၄,၈၃၃၊ သစ်ခွဲသားတန်ချိန် ၁,၅၈၅ တို့ကို မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ကျွန်းသစ်၊ သစ်မာနှင့် သစ်ခွဲသား တန်ချိန်ပေါင်း သုံးသောင်းကျော် ရောင်းချခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်နှင့် ကျပ်ငွေ ၁၁ ဘီလီယံ ၀င်ငွေရရှိခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment