Sunday 20 July 2014

အာဇာနည်နေ့အထိမ်းအမှတ် လှည်းတန်းလမ်းဆုံအနီးတွင် ကားဟွန်းသံရှည်တီးခဲ့သည့် ယာဉ်မောင်းတစ်ဦး လိုင်စင်ပိတ်သိမ်းခံရ

အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် လှည်းတန်းလမ်းဆုံ အနီးတွင် ကားဟွန်းသံရှည်တီးခဲ့သည့် ယာဉ်မောင်း တစ်ဦးထံမှ ကမာရွတ်ယာဉ်ထိန်းရဲက လိုင်စင်သိမ်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် သမဂ္ဂအဖွဲ့သည် လှည်းတန်းလမ်းဆုံအနီး အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ကားဟွန်းတီးဖို့အတွက် ကမ်ပိန်းပြုလုပ်ခဲ့ပြီး နံနက် ၁ဝ နာရီ ၃၇ မိနစ် တွင် အဆိုပါအနီးရှိ မော်တော်ယာဉ်များမှ ကားဟွန်းတီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်စဉ် ယာဉ်မောင်း တစ်ဦးထံမှ လိုင်စင်အား ကမာရွတ်ယာဉ်ထိန်းရဲတစ်ဦးက သိမ်းဆည်းသွားကြောင်း ကွန်ပျူတာ တက္ကသိုလ် သမဂ္ဂအဖွဲ့မှ မယမင်းအိမ်၏ ပြောကြားချက်အရ သိရသည်။

“သိသိချင်း ယာဉ်ထိန်းရဲရုံးကို ကျွန်မတို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ သွားရောက် ညှိနှိုင်းပါတယ်။ အဲဒီက တာဝန်ရှိသူတစ်ဦးက ပြစ်မှုဆိုင်ရာဥပဒေနဲ့ ဖမ်းဆီးခြင်းမဟုတ်ဘဲ ယာဉ်ထိန်းရဲ ဥပဒေနဲ့သာ ဖမ်းဆီးထားတာဖြစ်ပြီး ကားဟွန်းရှည်တီးလို့ လိုင်စင်သိမ်းရတာပါလို့ပြောတယ်။ လိုင်စင် အသိမ်းခံ ရတဲ့သူရဲ့နာမည်က ကိုငြိမ်းမင်းသူပါ။ သူကဘယ်အဖွဲ့အစည်း ဘယ်သမဂ္ဂမှ မဟုတ်ဘဲ လမ်း သွား လမ်းလာ တစ်ဦးပါပဲ” ဟု မယမင်းအိမ်က ဆိုသည်။

“အဓိကကတော့ ကားဟွန်းမတီးရမယ့်နေရာမှာ ဟွန်းတီးခဲ့လို့ လိုင်စင်သိမ်းရတာပါ။ တပ်ဖွဲ့စုမှူးကိုယ်တိုင် ဖမ်းဆီးခဲ့တာပါ။ အသေးစိတ်တော့ ကျွန်တော်လည်းမသိဘူး” ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်၌ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ လမ်းအသီးသီးတွင် သွားလာနေကြသော မော်တော်ယာဉ်များမှာ ရပ်တန့်၍ ကားဟွန်းရှည်တီး ဂါရဝပြုခဲ့ကြသည်။

Eleven Media Group 

No comments:

Post a Comment