Thursday 26 June 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် လျှပ်စစ်မီးရရှိရန် တောင်ကုတ်-သံတွဲ ဓာတ်အားလိုင်းအား ၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လျှပ်စစ် ဓာတ်အား ရရှိရန် တောင်ကုတ်-သံတွဲ ဓာတ်အားလိုင်းအား ၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။     

ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်း တည်ဆောက်မည့် ရင်းနှီးမြှုပ်နှံတည်ဆောက်သူအား နိုင်ငံတကာ တင်ဒါ ခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုတည်းကိုသာ ရွေးချယ်မည်ဟု ဆုံးဖြတ် ထားခဲ့ သော်လည်း လက်ရှိတွင် အကြံပေးကုမ္ပဏီ၏ အကြံပေးချက်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ (BEAC) အဖွဲ့ဝင်များ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၏ သဘောတူဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ကဏ္ဍ သုံးခုခွဲ ၍ ရင်းနှီးမြှုပ်နှံ တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား ခေါ်ယူသွားရန် စီစဉ်ထားကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအား ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင် ကုမ္ပဏီ၊ စက်မှုဇုန် တည်ဆောက်မည့်ကုမ္ပဏီနှင့် လူနေအိမ်နှင့် အခြေခံအဆောက်အအုံ များပါဝင် သည့် လူနေဇုန်အား တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား နိုင်ငံတကာ တင်ဒါပုံစံဖြင့် ခေါ်ယူရွေး ချယ် သွားမည် ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအား ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၇၇ သန်း အကုန်ကျခံတည်ဆောက်သွားမည်ဖြစ်သဖြင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်း စည်းမျဉ်းများအရ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များခေါ်ယူရန် အကြံပေးကုမ္ပဏီအား စီမံကိန်းကုန်ကျငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းအား ငှားရမ်းခအဖြစ် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အဓိကအရေးပါသည့် လမ်းကြောင်းဖြစ်လာမည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း တည်ဆောက်ရန် ယခင်အစိုးရလက်ထက်က မူဆယ်-ကျောက်ဖြူရထားလမ်းကို နားလည်မှု စာချွန်လွှာရေးထိုးထားပြီး စီမံကိန်း ယခင်လျာထားလမ်းကြောင်းရှိ မလွတ်ကင်းသည့် သာသနိက အဆောက် အအုံများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် အရေးကြီးသောနေရာများကို မြေပြင်စစ်ဆေး မှုများ ပြုလုပ်ထားကာ လက်ရှိအခြေအနေတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆက်လက်ဆောင်ရွက် မည်ဖြစ်၍ စိစစ်ဆောင်ရွက်နေဆဲဖြစ်ကာ ပွင့်လင်းမြင်သာမှုရှိစွာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ဇွန် ၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။    

Eleven Media Group

No comments:

Post a Comment