Thursday 26 June 2014

ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) သဘောထားထုတ်ပြန်

ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇွန် ၂၅ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားဝင် ရပ်တည်နေသည့် ပုဂ္ဂလိက သတင်းမီဒီယာအချို့ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းအထူးတပ်ဖွဲ့က တရားဝင် အသိပေးအကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ ငွေကြေးခ၀ါချမှု တားဆီးကာကွယ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ၎င်းတို့ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ယူကာ အရှုံး၊ အမြတ်၊ စောင်ရေ၊ ၀န်ထမ်းအင်အားနှင့် လစာကိစ္စများကို မေးမြန်းခဲ့ကြောင်း၊ လက်ရှိထုတ်ဝေနေသော သတင်းမီဒီယာများမှာ သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်၊ ကိုယ်ပိုင်ရပ်တည်ချက်၊ ဦးတည်ချက်များဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေသော မီဒီယာများ ဖြစ်သည့်အတွက် တရားဝင်အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ တစ်စုံတစ်ရာ မပါဝင်ဘဲ သတင်းတပ်ဖွဲ့၏ ထိုသို့ခေါ်ယူခြင်းမှာ များစွာမသင့်တော်သော ကိစ္စဖြစ်သည်ဟု ကောင်စီကယူဆကြောင်း သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် သတင်းမီဒီယာလောက အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့က အဆိုပြုထားသူများ ပါဝင်ကာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ရှိနေသည့်ကြားက ကောင်စီကို တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဘဲ မီဒီယာများကို ခေါ်ယူမေးမြန်းခြင်းမှာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သက်ဆိုင်ရာ မီဒီယာများ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ကို ဥပေက္ခာပြုသကဲ့သို့ ဖြစ်နေကြောင်း ကောင်စီက ရှုမြင်သည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ သတင်းတပ်ဖွဲ့အနေနှင့် ဖော်ပြပါ လုပ်ဆောင်မှုများကို အများပြည်သူ သိရှိစေရန် ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ကြေညာပေးရန်နှင့် နောက်နောင်အလားတူ ကိစ္စမျိုး ရှိပါက တရားဝင် နည်းလမ်းများဖြင့်သော် လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံညှိနှိုင်း၍သော် လည်းကောင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

Eleven Media Group

No comments:

Post a Comment