Thursday 19 June 2014

ဒုတိယ၀န်ကြီး နုတ်ထွက်ခွင့်ပြုခြင်း၊ ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းတို့ ပြုလုပ်

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်အား ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ သမ္မတရုံး ၀န်ကြီးဌာန (၁) ဒုတိယ၀န်ကြီး ဦးသန့်ရှင်းအား ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန် ပေးအပ်ခြင်းနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား စစ်ဘက် မူလ တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းတို့ကို ဇွန် ၁၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၉/၂၀၁၄)၊ (၁၀/၂၀၁၄) နှင့် (၁၁/၂၀၁၄) တို့ ထုတ်ပြန်၍ ပြုလုပ်ခဲ့သည်။

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်အား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေါက်တာမျိုးမြင့်သည် ၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးမှ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသူ တစ်ဦးဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာနတွင် ဒုတိယ ၀န်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ခန့်အကြာတွင် ၎င်းအား စစ်ဘက်မူလတာဝန်အား ပြန်လည်ထမ်းဆောင်စေခြင်း ဖြစ်သည်။

လက်ရှိအစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်ခြင်း၊ နုတ်ထွက် ခွင့်ပြုခြင်း၊ ပြောင်းလဲတာဝန် ထမ်းဆောင်စေခြင်း စသည်တို့ကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ သည်။

Eleven Media Group  

No comments:

Post a Comment