Thursday 19 June 2014

ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းများမှာ အခြေအနေ အလွန်ဆိုးရွားကြောင်း ကုလသမဂ္ဂ၏ ပြောကြားမှုအပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် တုံ့ပြန်

ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများသည် သူမကြုံတွေ့ခဲ့ရဖူးသမျှတွင် လူသားများအနေဖြင့် ခံစားရသည့် အဆိုးရွားဆုံး နေရာများဖြစ်ကြောင်း ကုလသမဂ္ဂမှ အကြီးတန်း အရာရှိတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရပြီး အဆိုပါ ပြောဆိုမှုအပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အကြီးတန်းအရာရှိ Kang Kyung-wha သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် အပတ်က လာရောက်ခဲ့ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်ခဲ့သည်။

“ရခိုင်မှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကိုထားတဲ့ စခန်းတွေမှာ ခံစားနေရတဲ့ ပုံစံဟာ ကျွန်မအနေနဲ့ ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပါဘူး” ဟု Ms.Kang က ဘင်္ဂါလီဒုက္ခသည် စခန်းများကို ရည်ညွှန်းပြောဆိုခဲ့ပြီး “အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ အရမ်းကိုဆိုးရွားတဲ့ အနေအထားမှာ နေထိုင်နေရရုံသာမက သူတို့ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခြင်း ခံနေရပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာအာဏာပိုင်များ အနေဖြင့် မတ်လအတွင်းက ကုလသမဂ္ဂရုံးများအား တိုက်ခိုက်ခဲ့သည့် နောက် ကွယ်မှ လူများကို ယခုထိတိုင် ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ကုလသမဂ္ဂ ၀န်ထမ်းများနှင့် အကူဝန်ထမ်း များ၏ လုံခြုံရေး အခြေအနေမှာလည်း စိုးရိမ်စရာ ကောင်းနေသေးသည်ဟု Ms.Kang က ဆက်လက် ပြောကြားသည်။

ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည့် ကုလသမဂ္ဂ အကြီးတန်းအရာရှိ၏ ဘင်္ဂါလီ စခန်းများနှင့်ပတ်သက်၍ ပြောကြားမှုအပေါ် မြန်မာအစိုးရ၏ သဘောထားနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်းရာတွင် “ရခိုင်ပြည်နယ်မှာ အိုင်အင်န်ဂျီအို ၁၅ ခု လုပ်ငန်း ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ၀န်ကြီးဦးစိုးသိန်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ အိုင်အင်န်ဂျီအို အဖွဲ့များနဲ့ တွေ့ဆုံခဲ့သလိုပဲ ဘင်္ဂါလီစခန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါ့ကြောင့် ရိုက်တာသတင်းဟာ တစ်ဖက်သတ် စွပ်စွဲချက်ဖြစ်တယ်။ ရိုက်တာဟာ ဒုချီးယားတန်းကျေးရွာ ဖြစ်စဉ်တုန်းကလိုပဲ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို နိုင်ငံတကာက မှားယွင်းစွာ ထင်မြင်လာအောင် လုပ်ဆောင်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးရဲထွဋ်က ဖြေကြားသည်။

ဆက်လက်၍ ကုသမဂ္ဂ အကြီးတန်းအရာရှိ၏ ပြောကြားချက်နှင့် ပတ်သက်၍ မည်ကဲ့သို့ တုံ့ပြန်မှုများ ပြုလုပ်ရန် ရှိပါသလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဦးရဲထွဋ် “ကျွန်တော်တို့ ကုလသမဂ္ဂကိုလည်း ဘယ်အချက်တွေကို အခြေခံ ပြောတာလဲ။ စစ်တွေမှာ ပြည်နယ်အစိုးရ၊ ဒေသခံပြည်သူ၊ အိုင်အင်န်ဂျီအိုများ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အဖွဲ့ ဖွဲ့ပေးထားပြီး ညှိနှိုင်းမှုတွေလည်း လုပ်နေတယ်။ ဒီကိစ္စကို အဲဒီအဖွဲ့မှာ မဆွေးနွေးဘဲ ဘာ့ကြောင့် ပြောရသလဲဆိုတာ မေးသွားမှာပါ။ အဲဒီလို လုပ်ဆောင်မှုတွေကြောင့်လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ဘက်မလိုက်မှုအပေါ် ဒေသခံ ရခိုင်တိုင်းရင်းသားများက သံသယ၀င်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြန်လည်ဖြေကြားသည်။

Ms.Kang သည် တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်သို့လည်း သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် တွင်မူ ၎င်းသည် အစိုးရ ထိန်းချုပ်ထားသည့် ဒုက္ခသည် စခန်းတစ်ခုကိုသာ သွားရောက်နိုင်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်များကို အကူအညီပေးနေသည့် ကယ်ဆယ်ရေးလုပ်သားများနှင့် စကားပြောဆိုခွင့် ရခဲ့ကြောင်း Ms.Kang က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment