Thursday 19 June 2014

သမ္မတဦးသိန်းစိန်အား ဆက်လက်တာဝန်ထမ်းဆောင်ရန် KNU ၏ ပြောကြား ချက် ကရင်ပြည်သူလူထု ဆန္ဒရယူပြီးမှသာ ပြောကြားသင့်ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်

သမ္မတဦးသိန်းစိန်အား လာမည့်အစိုးရ သစ်သက်တမ်းတွင် သမ္မတတာဝန်အား ဆက်လက်ထမ်းဆောင်ရန် KNU အဖွဲ့၏ တိုက်တွန်းပြောကြားခဲ့မှုသည် ကရင်ပြည်သူလူထု ဆန္ဒအား ရယူပြီးမှသာ ပြောကြားသင့်ကြောင်း ကရင်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ဇွန် ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၌သာ ရွေးကောက်ပွဲကော်မရှင်အား PR စနစ် ကျင့်သုံးရန်ဆောင်ရွက်ခိုင်းခြင်း မပြုပါက ဆောင်ရွက်ပေး၍ မရနိုင်ကြောင်း ယခင်ကတည်းက ပြောကြားထားပြီးချိန်တွင် ယခုကဲ့သို့ အမျိုးသားလွှတ်တော်၌ PR စနစ်အား ကျင့်သုံးရန် အဆိုတင်သွင်းခြင်း အတည်ပြုခြင်းများ လုပ်ဆောင်ခဲ့ခြင်းသည် နားလည်ရန်ခက်ခဲပြီး တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ အနေဖြင့် ထိုသို့ လုပ်ဆောင်မှုများသည် မိမိတို့အတွက် အကျိုးမရှိနိုင်ဟု ယူဆကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ပညာရည် နိမ့်ကျသည့်အတွက် ယခုကဲ့သို့ ရှုပ်ထွေးလှသည့် မဲရေတွက်ခြင်း၊ မဲပေးခြင်းများကို မဖြည့်ဆည်းနိုင်သည့်အတွက် PR စနစ်အား ကျင့်သုံးခြင်းအား ကန့်ကွက်ကြောင်း အချက်တစ်ချက် ပါဝင်ကြောင်း ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ယခင်ကတည်းက ပေးပို့ထားသည့် ပြုပြင်ရန် အချက်များအတိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါတီ၏ သဘောထားမှာ ပြောင်းလဲခြင်းမရှိဘဲ ယခင်အတိုင်းသာဖြစ်ကြောင်း ကြေညာချက်၌ ထည့်သွင်းထားကြောင်း သိရသည်။

“KNU နဲ့ သမ္မတကြီး တွေ့ဆုံတဲ့အချိန်မှာ သမ္မတကြီး နောက်ထပ်သက်တမ်းအတွက် ဆက်လက် ဆောင်ရွက်ပါဆိုပြီး KNU က ပြောဆိုတဲ့ဟာက ကရင်တစ်မျိုးသားလုံးရဲ့ဆန္ဒ မပါဘူးလို့ ယူဆတယ်။ ဒီလို လေးနက်ခိုင်မာတဲ့ စကားကို ပြောဖို့လို့ဆိုရင် ကရင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ရယူပြီးမှ ပြောသင့်ပါတယ် ဆိုပြီးတော့ ထုတ်ပြန်ချက်တစ်ချက် ပါပါတယ်” ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

အလားတူ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ သေနတ်သံများစဲနေတိုင်း ယမ်းငွေ့တွေပြယ်နေတိုင်း ငြိမ်းချမ်းရေး အစစ်အမှန် မရနိုင်ကြောင်းနှင့် တိုင်းရင်းသားများ လိုလားတောင့်တနေသည့် စစ်မှန်သည့် ဒီမိုကရေစီစနစ်နှင့် ခိုင်မာသည့် ဖက်ဒရယ်စနစ် တည်ဆောက်နိုင်မှသာ တကယ့်စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောင်နိုင်မည်ဖြစ်သဖြင့် တိုင်းရင်းသားများ၏ လိုလားချက်များအား အကောင်အထည် ဖော်ပေးရန် အချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် သမ္မတအား ဆက်လက် တာဝန် ထမ်းဆောင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦး၏ ပြန်လည်ပြောကြားချက်ဖြင့် မီဒီယာများတွင် သတင်းများဖော်ပြခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ် လာခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment