Thursday 19 June 2014

ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေ စစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေ

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အတူ သန်းခေါင်စာရင်းကောက်ယူနေမှုကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေစစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မောင်တောမြို့နယ် တောင်ပိုင်းရှိကျေးရွာများကို အပိုင်းသုံးပိုင်းခွဲ၍ အိမ်ထောင်စုစာရင်းနှင့် လူဦးရေ စာရင်းကောက်ခံခြင်းများကို စတင်ပြုလုပ်သည့် နေ့တွင်ပင် ဘင်္ဂါလီများက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ရှောင်တခင် လူဦးရေစစ်ဆေးရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် ဇွန် ၁ ရက်က မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တင်ကိုကိုက ကျေးရွာအုပ်ချုပ်ရေးမှူးများ အားလုံးကို အသိပေးခဲ့ကြောင်းနှင့် ဇွန် ၁ဝ ရက်တွင် စတင်ကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေးအင်အားအပြည့်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အလယ်သံကျော်ကျေးရွာအုပ်စု၊ ကံပူးကျေးရွာတွင် စစ်ဆေးခြင်းမခံဘဲ ငြင်းဆန်ခဲ့ကြောင်း၊ အလားတူပင် မြို့မအနောက်ရပ်ကွက် အမှတ် (၁) ရပ်ကွက်၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ ဖားဝပ်ချောင်း၊ ပဒေါင်းကျေးရွာတို့ တွင်လည်း တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံရာ ဒေသခံရွာသားများ ရုန်းရင်းဆန်ခတ်ပြုလုပ် ကာ အစစ်ဆေးမခံဘဲ ငြင်းဆန်ခဲ့ကြောင်း သိရသည်။

“အခုလုပ်နေတဲ့ ရှောင်တခင် လူဦးရေစစ်ဆေးခြင်းကိစ္စကို နိုင်ငံတော်ကတရားဝင် အသိပေးပြီး မလုပ်ဘဲ၊ န.စ.က လို လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ဒေသခံတွေ လုံးဝပါဝင်အစစ်ဆေးခံမှာ မဟုတ်ပါဘူး”ဟု ဒေသခံ ဘင်္ဂါလီတစ်အားကိုးကားကာ RB အင်တာနက်စာ မျက်နှာတွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား  တွေ့ရစဉ်
ဇွန် ၁၁ ရက် က ညောင်ချောင်းကျေးရွာ၊ မြို့သူကြီးကျေးရွာ၊ မြို့ဦးဧတာလျာကျေးရွာ၊ သီဟိုဠ်ကျွန်းကျေးရွာ၊ ကျီးကန်းပြင်ကျေးရွာ၊ မောင်နှမကျေးရွာနှင့် အမှတ် (၆) ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ နှင့် ဒေသခံအချို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒု-ကွပ်ကဲရေးမှူးက အစည်းအဝေးခေါ်ယူ၍ ဥပဒေအတိုင်း  အေးအေးဆေးဆေး စစ်ဆေးမှုခံယူကြရန် စည်းရုံးပြောကြားခဲ့ကြောင်းလည်း  သိရသည်။

ဇွန် ၁၅ ရက်တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှောင်တခင် လူဦးရေစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ စစ်ဆေးခံရန် ငြင်းဆန်ခဲ့ပြီး  ဘင်္ဂါလီအမျိုးသားများက
ရှောင်တိမ်းနေကြောင်းလည်း သိရသည်။

နယ်စပ်လုံခြုံရေးအား န.စ.က တာဝန်ယူခဲ့ချိန်က နှစ်စဆွဲတင်စစ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တရားမဝင်ခိုးဝင်သူများနှင့် နေအိမ်ဆောက်လုပ်ခြင်းများအား စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း၊ န.စ.က ဖျက်သိမ်းပြီးနောက် ယင်းကဲ့သို့ လူရေစစ်ဆေးခြင်းများကို ဆောင်ရွက်ခြင်းမရှိခဲ့ဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပထမဆုံးအကြိမ် ရှောင်တခင် လူဦးရေစစ်ဆေးခြင်းများအား ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

န.စ.က အားဖျက်သိမ်းပြီးနောက်ပိုင်း ဘီဒီပြေးများ မောင်တောမြို့နယ်အတွင်း ဝင်ရောက်ကာ အကြမ်းဖက် မှုများ၊ ဓါးပြမှုများ ကျူးလွန်နေပြီး မြို့နယ်အတွင်း ကျေးရွာများတွင် တိမ်းရှောင်နေသည်များရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ယင်းကဲ့သို့ တိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် တရားမဝင် ခိုးဝင်ဘင်္ဂါလီများ ရှိ မရှိသိရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လူဦးရေ စစ် ဆေးခြင်းလုပ်ငန်းများအား လုပ်ဆောင်ရာတွင် ယခင်က ရရှိထားသော မှတ်တမ်းဓါတ်ပုံများ၊ အချက် အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်ဆေးခြင်းအား ကျေးရွာအများစုတွင် ငြင်းဆန်မှုများ၊ စစ်ဆေး ရေးအဖွဲ့အား  ရှောင်တိမ်းနေခြင်းများ ရှိနေသော်လည်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်နေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment