Thursday 19 June 2014

မြန်မာ့လျှပ်စစ် စွမ်းအင်အတွက် GE အကြံပြု

အမေရိကန် စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်သည့် GE က မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအတွက် ထိရောက်အသုံးဝင်မည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ လမ်းပြမြေပုံ အကြံပြု တင်ပြချက်များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (MOEP) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) တို့ထံသို့ ဇွန်လ ပထမပတ်က တင်ပြခဲ့ကြောင်း GE အာဆီယံဒေသ ကုမ္ပဏီခွဲ၏ အမှုဆောင်အရာရှိချုပ် Mr.Stuart Dean က ပြောကြားသည်။ 

“GE Energy Consulting က ကမ္ဘာတစ်ဝန်းမှာ ဆယ်စုနှစ်တစ်ခုကြာ အတွေ့အကြုံတွေကနေ ရှာဖွေတွေ့ရှိ ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ပါတယ်။ ဒါတွေက နိုင်ငံတော်ရဲ့ စွမ်းအင်ထောက်ပံ့မှု အခြေခံ အဆောက် အဦ တိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အကြံပြု တင်ပြချက်များကို GE က မြန်မာနိုင်ငံအတွင်း ပြုလုပ်နေသည့် လျှပ်စစ်ဓာတ်အား စီမံကိန်း ရေးဆွဲရေးအတွက် လေ့လာခဲ့သည့် ရှာဖွေတွေ့ရှိချက်များထဲမှ ထုတ်နုတ်၍ တင်ပြခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ စွမ်းအင်စနစ်အတွက် ထိရောက်စွာ အသုံးပြုနိုင်မည့် စက်မှုဆိုင်ရာ အကောင်းဆုံး နည်းလမ်းများကို အကြံပေးထားကြောင်း GE Myanmar ထံမှ သိရသည်။ 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းများ ဖော်ဆောင်ရန်အတွက် ပညာရေးနှင့် လေ့ကျင့်ပေးရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ခြင်းနှင့် ထပ်ဆင့်ပို့လွှတ်ခြင်း အစီအစဉ်များ ရေးဆွဲရေး၊ ခွဲဝေဖြန့်ဖြူးမှုစနစ် စီစဉ်ရေးဆွဲခြင်းနှင့် အင်ဂျင်နီယာလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ဖွဲ့စည်းတည်ဆောက်ပုံ၊ စည်းမျဉ်းနှင့် မူဝါဒများ၊ ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားပေးရေး နည်းပညာများ အကြောင်းကို အဓိက အကြံပြုထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဖြစ်နိုင်ခြေများကို လေ့လာတင်ပြထားသည်။ 

GE ၏ လေ့လာတွေ့ရှိမှုများသည် တိုင်းပြည်အတွက် အကျိုးရှိပြီး မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက် နေသည့် စွမ်းအင်ဖွံ့ဖြိုးရေး စီမံကိန်းများ၌ ပေါင်းစပ်ထည့်သွင်း လုပ်ကိုင်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာထွေးက ပြောကြားသည်။ 

GE က မြန်မာနိုင်ငံအတွင်း လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးမည့် အမေရိကန် ဒေါ်လာ ခုနစ်သန်း ထောက်ပံ့မှု ငွေကြေး တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ GE Energy Consulting ကုမ္ပဏီက MOEP၊ YESB နှင့် မိတ်ဖက်ကုမ္ပဏီများအတွက် လျှပ်စစ်ဓာတ်အား စီမံကိန်း ရေးဆွဲရာတွင် အထောက်အကူပြုမည့် နည်းလမ်းများကို လေ့လာနေပြီး အဆိုပါ လေ့လာမှုများသည် ၂၀၁၄ ခုနှစ် တတိယ သုံးလပတ်အတွင်း ပြီးစီးမည် ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment