Thursday 19 June 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ရာကျော် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း ဘူးသီးတောင်နှင့် စစ်တွေထောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ရာနှင့်ချီ ရှိနေဆဲ

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ရာ ကျော် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း ဘူးသီးတောင်နှင့် စစ်တွေထောင်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာနှင့်ချီ ရှိနေဆဲဖြစ်ကြောင်း မောင်တောခရိုင် လ၀ကရုံးမှ သိရသည်။

ဇွန် ၁၇ ရက်က မောင်တောတွင် အလံတင်ဆွေးနွေးပွဲလုပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦး လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း လက်ကျန်စာရင်းအရ စစ်တွေထောင်တွင် ၇၈ ဦး၊ ဘူးသီးတောင်ထောင်တွင် ၅၅ ဦး စုစုပေါင်း ၁၃၃ ဦး ကျန်နေသေးကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို ဇွန် ၁၇ ရက် နံနက် ၉ နာရီခွဲက မောင်တောမြို့ ၀င်ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း၊ ၎င်းတို့မှာ စစ်တွေအကျဉ်းထောင်မှ ရှစ်ဦးနှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ၂၄ ဦးဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံပြစ်ဒဏ်စေ့ အကျဉ်းသားလွှဲပြောင်းခြင်း အခမ်းအနားသို့ မောင်တောမြို့နယ် လ၀က ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးသန်းထွန်းလေး ဦးဆောင်ကာ ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ Subeder Md Zakaria (Company Commander, Takanf) ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးတို့က ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ယနေ့အထိ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အကျဉ်းသား ၁၃၉ ဦးကို လွှဲပြောင်းပေးထားပြီဖြစ်ကာ ဘူးသီးတောင် အကျဉ်းထောင်တွင် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်စေ့ အကျဉ်းသား ၅၅ ဦးကိုလည်း လာမည့်အပတ်အတွင်း ခရိုင်လ၀က ဦးစီးမှူးမှ သွားရောက်စိစစ်မည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကျဉ်းသားများ လွှဲပြောင်းပေးနိုင်ရန် မောင်တောခရိုင် လ၀ကဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်ခရိုင်ခွဲ အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိတို့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဦးတည်၍ အပြန်အလှန် ဆက်သွယ်ညှိနှိုင်း လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ဆက်လက် လွှဲပြောင်းဖို့အတွက် ပထမဆုံး ဘူးသီးတောင်ထောင်မှာရှိတဲ့ ၅၅ ယောက်ကို ခရိုင်မှူးကိုယ်တိုင် သွားပြီးစစ်ဆေးမယ်။ ပြီးရင် ၀န်ကြီးဌာနကို တင်ပြမယ်။ ပြီးမှ ကောင်စစ်ဝန်ကတစ်ဆင့် အကျဉ်းသားတွေ အမြန်ဆုံး မိမိတို့နိုင်ငံကိုရောက်ဖို့ နယ်ခြားစောင့်တပ်၊ ကောင်စစ်ဝန်ရုံးတို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” ဟု မောင်တောခရိုင် လ၀ကဦးစီးမှူး ဦးစောနိုင်က ပြောကြားသည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၅ ဦး၊ သြဂုတ် ၅ ရက်က လေးဦး၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခေါင်းဒုံးစခန်းတွင် နှစ်ဦးလွှဲခဲ့ပြီး ၂၀၁၄ ခုနှစ် မတ် ၁၉ ရက်က ဘင်္ဂလားဒေ့ရှ့် နိုင်ငံသား ၂၆ ဦး၊ ဇွန် ၁၇ ရက်က ၃၂ ဦး စုစုပေါင်း ၁၃၉ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း ခရိုင်လ၀ကရုံးမှ သိရသည်။  

Eleven Media Group

No comments:

Post a Comment