Friday 25 April 2014

အိန္ဒိယ စစ်သင်္ဘောသုံးစင်း မြန်မာသို့ ချစ်ကြည်ရေး လာရောက်မည်

နှစ်နိုင်ငံ တပ်မတော်ချစ်ကြည်ရေးအစီအစဉ်အရ အိန္ဒိယရေတပ်မှ စစ်သင်္ဘောသုံးစင်းသည် ဧပြီလ နှောင်း ပိုင်း တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဧပြီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကမ်းဝေးကင်းလှည့် သင်္ဘောနှစ်စီးနှင့် ရဟတ်ယာဉ်၊ လူနှင့် လောင်စာဆီများ သယ်ဆောင်နိုင်သော အကြီး စား စစ်သင်္ဘောတစ်စီး ပါဝင်မည့် အိန္ဒိယရေတပ် သင်္ဘောအုပ်စုမှာ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဧပြီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

အိန္ဒိယရေတပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တပ်မတော်နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို တွေ့ဆုံ မည့်အပြင် သန်လျင်မြို့နယ် ဆေးရုံ၌ အခမဲ့ ဆေးကုသခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း အိန္ဒိယသံရုံးထံမှ သိရသည်။

ထို့အပြင် အိန္ဒိယရေတပ် ဗိုလ်လောင်းနှင့် အရာရှိများသည် ရန်ကုန်နှင့် ပဲခူးဒေသများရှိ သမိုင်းဝင် နေရာ များသို့ သွားရောက်လည်ပတ်ကာ နှစ်နိုင်ငံ ချစ်ကြည်မှု မြှင့်တင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ သံရုံးမှ ထပ်မံသိရှိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အတွင်း တရုတ်နှင့် ရုရှားကဲ့သို့သော အင်အားကြီးနိုင်ငံများမှ ရေတပ်များ လာရောက်လည်ပတ်ခဲ့ပြီး အခမဲ့ ဆေးကုသခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment