Wednesday 26 March 2014

မြို့နယ်အဆင့် NLD လူငယ်ညီလာခံများ ဧပြီ ၁၁ရက် အပြီး ကျင်းပမည်

မြို့နယ်အဆင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လူငယ်ညီလာခံများကို လာမည့် ဧပြီ၁၁ရက်တွင် အပြီး ကျင်းပသွားမည်ဟု NLD လူငယ်ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မတ်လ၂၄တွင် ပြောသည်။
မြို့နယ်အဆင့် လူငယ်ညီလာခံများ ကျင်းပကာ လူငယ်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းကို ဖေဖော် ၀ါရီလအတွင်းကစပြီး မြို့နယ်အနှံ့တွင် လုပ်ဆောင်နေခြင်းဖြစ်ကာလာမည့် ဧပြီလတွင် အပြီး
ကျင်းပမည် ဖြစ်သည်။

ဦးမောင်မောင်ဦးက “မြို့နယ်အဆင့် လူငယ်ညီလာခံက ရွေးချယ်ပြီးတဲ့ NLD လူငယ်တွေကို ခရိုင်နဲ့တိုင်း အဆင့် လူငယ်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်သွားမယ်။ ညီလာခံတွေက တရားမ မျှတဘူးဆိုတဲ့ တိုင်စာတွေလည်း တက်လာနိုင်လို့ NLD လူငယ်ညီလာခံကြီး ကျင်းပဖို့ ရက်က အတိအကျသတ်မှတ် လို့ မရသေးဘူး”ဟု ပြောသည်။

လူငယ်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို မတ်လ၂၅ရက်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ရွေးချယ် သွားမည်ဖြစ်ကာ ရန်ကုန်တိုင်းအတွင်း လူငယ်ညီလာခံများကို မတ်လ၂၉ရက်တွင် ခရမ်းမြို့နယ်နှင့် မတ်လ ၃၀ ရက်တွင် တာမွေ၊ တောင်ဥက္ကလာ၊ ဗဟန်း၊ လှည်း ကူး၊ တိုက်ကြီး၊ တွံတေး၊ ဆိတ်ကြီးခနောင်တိုနှင့် မရမ်းကုန်း၊ ဒေါပုံ၊ မင်္ဂလာဒုံ အပါအ၀င် မြို့နယ်၁၄မြို့နယ်တွင် တစ်ပြိုင်နက်တည်း ကျင်းပကာ မြို့နယ် အဆင့်လူငယ်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားမည်ဖြစ်သည်။

မြို့နယ်အဆင့် လူငယ်ညီလာခံတွင် မြို့နယ်အဆင့် လူငယ်အဖွဲ့ဝင်၊ ယင်းမှ တစ်ဆင့်ခရိုင်အဆင့်နှင့် တိုင်း အဆင့် လူငယ်ကိုယ်စားလှယ်များကို ရွေးချယ်သွားမည်ဖြစ်သည်။

မြို့နယ်အဆင့် လူငယ်ညီလာခံများ ကို ရန်ကုန်တိုင်းအတွင်း၌ သာကေတ မြို့နယ်နှင့် မင်္ဂလာတောင်ညွန် မြို့နယ် တို့ကျင်းပပြီး ကိုယ်စားလှယ်ရွေးချယ်ပြီး ဖြစ်ကာ မကွေးတိုင်းတွင် ကံမ၊ ဆင်ပေါက်ဝဲနှင့် ဂန့်ဂေါ မြို့နယ်များတွင်လည်း ရွေးချယ်ပြီးဖြစ်သည်ဟု ရန်ကုန်တိုင်း လူငယ်ညီလာခံကျင်းပရေးကော်မရှင်အတွင်း ရေးမှူးဦးအေးနိုင်က ဆိုသည်။

တစ်နိုင်ငံလုံးတွင် NLD လူငယ်အဖွဲ့ဝင်အင်အားတစ်သိန်းခန့်ရှိပြီး လူငယ်ညီလာခံကျင်းပပြီးမှသာ အဖွဲ့ဝင် သစ် များကို ထပ်မံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment