Wednesday 26 March 2014

ဟံသာဝတီလေဆိပ် တည်ဆောက်ခွင့်ရ ကုမ္ပဏီသည် ရာခိုင်နှုန်း ၅၀ ထက်မပိုသော အိုဒီအေချေးငွေအား ရယူတည်ဆောက်နိုင်မည်ဟုဆို

ဟံသာဝတီလေဆိပ် တည်ဆောက်ခွင့်ရ ကုမ္ပဏီသည် ရာခိုင်နှုန်း ၅၀ ထက်မပိုသော အိုဒီအေချေးငွေအား ရယူတည်ဆောက်နိုင်မည်ဖြစ်ကြောင်း Myanmar Civil Aviation Development Conference 2014 မီဒီယာရှင်းလင်းပွဲမှ သတင်းရရှိသည်။

“ဟံသာဝတီလေဆိပ် ပထမအဆင့် တည်ဆောက်ရေးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျ မယ်လို့ ခန့်မှန်းထားတဲ့အတွက် ငွေကြေးနဲ့ပတ်သက်ပြီး တင်ဒါတင်သွင်းမယ့် ကုမ္ပဏီတွေအနေနဲ့ ရာခိုင်နှုန်း ၅၀ ထက်မပိုတဲ့ Oversea Development loan ကို ရယူဆောင်ရွက်ခွင့်ရှိတယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

ဟံသာဝတီလေဆိပ်သစ်အား ယခင်က တည်ဆောက်ခွင့်ရ ကုမ္ပဏီအနေဖြင့် ငွေကြေးအလုံးစုံ စိုက်ထုတ် တည်ဆောက်ရမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယင်းကဲ့သို့ တည်ဆောက်ရန်မှာ လေဆိပ်တည်ဆောက် ခွင့်ရ ကုမ္ပဏီများအနေဖြင့် ခက်ခဲသည့် ကိစ္စတစ်ရပ် ဖြစ်သောကြောင့် ယခုကဲ့သို့ ODA Loan ချေးငွေဖြင့် တည်ဆောက်ခွင့်ပြုရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ဟံသာဝတီလေဆိပ် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သည် လေဆိပ်တည်ဆောက်ရန် တင်ဒါအချက်အလက်များ တင်သွင်းထားသည့် ကုမ္ပဏီလေးခုအား Financial proposal ပြန်လည်တင်ပြရန် တောင်းဆိုခဲ့သည်။

အဆိုပါ Financial proposal ပြန်လည်တင်ပြရမည့် ကုမ္ပဏီလေးခုမှာ Yong-nam-CAPE-JGC Consortium, TAI SAE Corportion, VINCI Airport နှင့် Incheon Airport Consortium စသည့် ကုမ္ပဏီလေးခုတို့ ဖြစ်သည်။ ယင်းကုမ္ပဏီများသည် Financial proposal အား ဧပြီ ၂၂ ရက်တွင် ပြန်လည်တင်ပြရမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment