Wednesday 26 March 2014

ရာခိုင်နှုန်း ၆၀ ခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ တစ်ယူနစ် ကုန်ကျစရိတ် ကျပ် ၂၀ ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

မြန်မာတစ်နိုင်ငံလုံးသို့ ဖြန်ဖြူးနေသော လျှပ်စစ်ဓာတ်အားများအနက် ရေအားလျှပ်စစ်မှ ရာခိုင်နှုန်း ၆၀ ခန့် ထုတ်လုပ်နေပြီး လျှပ်စစ်ဓာတ်အား ဈေးနှုန်း၏ အရင်းမှာ တစ်ယူနစ် ကျပ် ၂၀ ရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် တွင် ပြောကြားချက်အရ သိရသည်။

မတ် ၁၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထား တိုးမြှင့်မှုအား လွှတ်တော်၏အဆုံးအဖြတ် ရယူရာ၌ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု၏ ရာခိုင်နှုန်း ၈၀ ရှိပြီး လျှပ်စစ်ဓာတ်အား တိုးမြှင့်ခြင်းသည် လျှပ်စစ် ကဏ္ဍ တွင် လာရောက်ရင်းနှီးမြှုပ်နှံသူများ အကျိုးရှိစေရန် ဆောင်ရွက်ထားကြောင်း ကန့်ကွက်ပြောကြား ချက် အား ဒုတိယ၀န်ကြီးက ပြန်လည်ရှင်းလင်းရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်မှု ၂၃ ဒသမ ၇၆ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင်  သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် စက်ရုံများမှ ထုတ်လုပ်မှု ၁၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ နိုင်ငံပိုင် ရေအားလျှပ်စစ်စက်ရုံများမှ ထုတ်လုပ်မှု ၅၈ ဒသမ ၉၆ ရာခိုင်နှုန်းသာရှိပြီး ရေအားလျှပ်စစ်စက်ရုံများမှ ရာခိုင်နှုန်း ၈၀ ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိရကြောင်းကို ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ရှင်းလင်းပြောကြားသည်။

ထိုကဲ့သို့ ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် နိုင်ငံတော်မှ ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ပါဝင်သော Joint Venture ဖက်စပ်ဆောင်ရွက်ခြင်း၊ ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ပြီး ဓာတ်အားထုတ်လုပ်သည့် အခါတွင် တည်ဆောက်ရေးကုန်ကျ စရိတ်နှင့် မောင်းနှင်ထိန်းသိမ်းရေး စရိတ်များဖြစ်သော မြို့ပြတည်ဆောက်ရေး လုပ်ငန်း ပစ္စည်းများစရိတ်၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်း (Electromechanical Equipment), (Hydraulic Steel Structure) စရိတ်၊ လုပ်အားခများ၊ စက်ယန္တရားစရိတ်နှင့် ၎င်းတို့၏ ထိန်းသိမ်းပြုပြင်မှုစရိတ်၊ အတိုင်ပင်ခံစရိတ်၊ ၀န်ထမ်းလစာ၊ ခရီးစရိတ်၊ ပင်စင်ခံစားခွင့်နှင့် နေ့တွက်စရိတ်များ၊ မြေအသုံးချမှုနှင့် EIA/SIA ကုန်ကျစရိတ်များ၊ ဓာတ်အားပေးစက်ရုံ မောင်းနှင်ထိန်းသိမ်း ပြုပြင်မှုစရိတ် ကျခံဆောင်ရွက်ရကြောင်း ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားသည်။

 “ပြည်သူများ ဓာတ်အားရရှိ သုံးစွဲနိုင်ရေး ဦးတည်ချက်ဖြင့် နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသည် တည်ဆောက်မှုစရိတ်ကို မြှုပ်နှံထားခဲ့ပြီးဖြစ်၍ နှစ် စဉ်မောင်းနှင် လည်ပတ်နိုင်ရေးအတွက် ကုန်ကျသော ၀န်ထမ်းစရိတ်များ ကြံ့ခိုင်ရေးအတွက် ပြင်ဆင် ထိန်းသိမ်း စရိတ်များ၊ စက်များအားလည်ပတ်သည့် သက်တမ်းအလိုက် အစားထိုး လဲလှယ်ခြင်းအတွက် ကုန်ကျစရိတ်များ၊ အကြီးစားပြုပြင်ခြင်းအတွက် ကုန်ကျစရိတ်များကိုသာ ထည့်တွက်ပါက တစ်ယူနစ်လျှင် ၂၀ ကျပ်နှုန်း ကျသင့်နေမည် ဖြစ်ပါသည်” ဟု ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

ထို့အပြင် စက်မှုလုပ်ငန်းများမှာ ယူနစ် ၅၀၀၀ မှ ၁၀၀၀၀ အတွင်းသုံးစွဲမှု ၂ ဒသမ ၆၉ ရာခိုင်နှုန်း၊ ယူနစ် ၁၀၀၀၁ အထက်သုံးစွဲမှု ၄ ဒသမ ၂၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အသေးစား စက်မှုလုပ်ငန်းများကို အများဆုံး ထိခိုက်သည်ဆိုသည်မှာ မဟုတ်ကြောင်း ဒုတိယ၀န်ကြီးက ငြင်းဆိုခဲ့သည်။

အလားတူ ဓာတ်အားခဈေးနှုန်း ပြင်ဆင်ခြင်းသည် ပြည်သူများအကျိုးထက် လျှပ်စစ်ကဏ္ဍတွင် လာရောက် ရင်းနှီး မြှုပ်နှံသူများ အကျိုးရှိစေရန် ဆောင်ရွက်ထားကြောင်း ပြောကြားမှုနှင့် ပတ်သက်၍ နိုင်ငံတော် အနေဖြင့် ဓာတ်အားသုံးစွဲသူများသို့ စိုက်ထုတ်ပေးရသည့် ဘဏ္ဍာရေး အခက်အခဲများကို ဖြေရှင်းနိုင်ခြင်း၊ ဈေးနှုန်းမျှတမှု ရှိလာပြီး ဓာတ်အားထုတ်လုပ်မှု ကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာပြီး ဓာတ်အားထုတ်လုပ်မှု ပမာဏ တိုးတက်လာခြင်း၊ လက်ရှိပြည်သူ ၃၀ ရာခိုင်နှုန်း ဓာတ်အား ရရှိခြင်းမှ တိုးချဲ့နိုင်မည်ဖြစ်ခြင်း စသည်တို့ ရရှိလာမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြား သည်။

လက်ရှိတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် အရင်းကျေကာလ ကြာမြင့်ပြီး အကျိုးအမြတ် ရရှိမှု နောက်ကျသည့်အတွက် ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် တုံ့ဆိုင်းလျက် ရှိကြောင်း လည်း ပြောကြားသည်။

အေးရှားဝေါလ်ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ)မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တစ်ယူနစ်ကျပ် ၇၀ နှုန်းဖြင့် ပြန်လည်ဝယ်ယူရန် သဘောတူထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်ပင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အေးရှားဝေါလ်ကုမ္ပဏီသို့ ပေးချေ ရမည့် ပမာဏမှာ ကျပ်ဘီလျံ ၃၀ အထိရှိကြောင်းနှင့် သောက်ရေခပ်(၂)စီမံကိန်း ကုန်ကျစရိတ် (ရင်းနှီးမြှုပ်နှံမှုပမာဏ) မှာ ကျပ် ၂၃၀ ဘီလျံကျော် ဖြစ်သည်ဟုလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သောက်ရေခပ်ချောင်းပေါ်တွင် တည်ဆောက်ထားသော သောက်ရေခပ် (၂)ရေအားလျှပ်စစ် စီမံကိန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ရန် ၂၀၀၈ ခုနှစ် မေ ၂ ရက်က လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ နှစ်ဖက်နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပဋိညာဉ်စာချုပ် ချုပ်ဆိုလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment