Sunday 9 March 2014

မြန်မာသို့ ပေးအပ်သည့် အကူအညီများ ထိရောက်ဟု ဗြိတိန် သံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဗြိတိန်အပါအဝင် နိုင်ငံတကာ အထောက်အပံ့များကို သုံးစွဲရာတွင် သိသာထင်ရှားမှု အားနည်း နေသော်လည်း ထိရောက်မှုရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အင်ဒရူးပတ်ထရစ်က ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် အတွင်း ဗြိတိန်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို မတ်လ ၇ ရက်နေ့က သွားရောက် လေ့လာသည့် ခရီးစဉ်အတွင်း The Voice ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“ပြဿနာတွေ ကတော့ အမြဲတမ်း ရှိပါတယ်။ ယေဘုယျ ကြည့်ရင်တော့ အကူအညီတွေက ဆင်းရဲနွမ်းပါး သူတွေကို အထောက်အကူ ပြုနေပါတယ်” ဟု ဗြိတိန် သံအမတ်ကြီးက ဆိုသည်။

ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များမှာ အချိန်ယူရလေ့ ရှိသဖြင့် ရုတ်ခြည်း သိသာမြင်သာ ရှိရန်မှာမူ မလွယ်ကူကြောင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကဲ့သို့သော အခြေခံ လိုအပ်ချက်များကို ဗြိတိန်က အဓိက ကူညီ ထောက် ပံ့နေကြောင်း ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ ဌာနမှ မြန်မာနိုင်ငံဆိုင်ရာ အကြီး အကဲ Mr. Gavin McGillivray က ပြောဆိုသည်။

“နောက်ပြီး Pact လိုမျိုး အသေးစား ချေးငွေလုပ်ငန်းကနေတစ်ဆင့် အမျိုးသမီးတစ်သိန်း လေးသောင်းကျော် ကို ဗြိတိန်က ကူညီပေးနေတာ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဗြိတိန်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသို့ အများဆုံး ကူညီထောက်ပံ့သူ အဖြစ် ရပ်တည်ခဲ့ပြီး အထောက်အပံ့ များကို နှစ်စဉ် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း စတာလင်ပေါင် သန်း ၁၀၀ အထိ ထောက်ပံ့ရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များနှင့် နိုင်ငံတကာ အကူအညီများ သိသာစွာ တိုးတက်လာသော်လည်း လူဦးရေ အများစု ဖြစ်သော ကျေးလက်နေ ပြည်သူများနှင့် အခြေခံ လူတန်းစားများ မှာမူ အကျိုးခံစားရမှု မပြောပလောက်သည့် အတိုင်းအတာသာ ရှိနေသေးကြောင်း လေ့လာသူများက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment