Sunday 9 March 2014

မျိုးစောင့် ဥပဒေကြမ်း နှစ်ခုကို လေးလအတွင်း အပြီးရေးဆွဲရန် သမ္မတ ညွှန်ကြား

လူ့အခွင့်အရေး ရှုထောင့်နှင့် အမျိုးသားရေး ရှုထောင့်များ အကြား နှစ်ဖက် ဝိဝါဒ ကွဲပြားနေသည့် မျိုးစောင့် ဥပဒေ ဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို လေးလအတွင်း အပြီးသတ် ရေးဆွဲရန် နိုင်ငံတော် သမ္မတက မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည့် ကော်မရှင်ကို ဖွဲ့စည်း ညွှန်ကြား လိုက် သည်။

ယင်းဥပဒေကြမ်း နှစ်ခုမှာ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားမှု ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကြမ်းများ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မတိုင်မီ နိုင်ငံတော် သမ္မတထံ တင်ပြရမည် ဖြစ်ကြောင်း အဆိုပါ အမိန့် ကြော်ငြာစာတွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်တွင် ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ ဒုတိယ ရှေ့နေချုပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ သမ္မတ၏ ဥပဒေ အကြံပေး အဖွဲ့ခေါင်းဆောင်တို့ အပါအဝင် သမိုင်းသုတေသန ဦးစီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်စေပြီး ကွဲပြားသော ဘာသာ အယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ အလေးထား သုံးသပ်ရန်၊ တည်ဆဲ ဥပဒေများနှင့် အညီ ချိတ်ဆက် ကျင့်သုံးနိုင်ရန်နှင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည် အကျိုးရှိပြီး တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်ရန် တို့ကို အခြေခံ ရေးဆွဲရမည်ဟု သမ္မတ၏ အမိန့်အရ သိရသည်။

ယင်းကော်မရှင် အဖွဲ့တွင် ပါဝင်သည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များသည် လက်ရှိ ဥပဒကြမ်း ရေးဆွဲရေးတွင်လည်း ပါဝင် လုပ်ဆောင်နေသည့် ပညာရှင်များ ဖြစ်သဖြင့် သမ္မတ ညွှန်ကြားထားသည့် လေးလ အတွင်းတွင် အဆိုပါ မျိုးစောင့် ဥပဒေဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ကောင်းမွန် ပြည့်စုံစွာ ရေးဆွဲနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။

“အဲဒီ ဥပဒေတွေဟာ ပြဋ္ဌာန်းသင့်ပါတယ်၊ ပြဋ္ဌာန်းသင့်လို့ပဲ သမ္မတကြီးရော၊ ဆရာတော် သံဃာတော် တွေရော လက်မှတ်ရေးထိုး ထောက်ခံခဲ့ကြတာပဲ။ ဒါကို နာယကကြီးကလည်း အကြောင်း ပြန်ခဲ့တာပဲ” ဟု ၎င်းက ဆိုသည်။

ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ ဥပဒေများကို စိစစ်လေ့လာ၍ မြန်မာနိုင်ငံ၏ လူ့အဖွဲ့ အစည်းနှင့် ဆီလျော်သည့် အချက်များကို သုံးသပ်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံတမ်း အစဉ်အလာများနှင့် ကိုက်ညီစေရန်၊ ရဟန်းရှင်လူ ပြည်သူများနှင့် ဘာသာရပ် ကျွမ်းကျင်သူများထံမှ အကြံပြုချက်များ၊ ဥပဒေကြမ်း များကို ဖိတ်ခေါ် တောင်းခံကာ အချက်အလက်များ ရယူပြီး ရေးဆွဲရမည်ဟု အမိန့်က ဆိုသည်။

သို့သော် အဆိုပါ ဥပဒေ ပြဋ္ဌာန်းရန်မှာ လက်ရှိ အခြေအနေတွင် မလိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မှ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထောက်ခံသူ၊ ကန့်ကွက်သူများ အကြား ပြင်းထန်စွာ သဘောထား ကွဲလွဲနေသည့် အဆိုပါ ဥပဒေနှင့် ပတ်သက်၍ “ရှိကို မရှိသင့်တာပါ။ ဒါကိုရှိစေချင်တဲ့ သူတွေက အတင်းအကျပ် လုပ်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

နိုင်ငံ၏ ဦးဆောင်ဆရာတော်၊ သံဃာတော်များ အပါအဝင် လူပုဂ္ဂိုလ် တစ်သန်းကျော် လက်မှတ်ရေးထိုး ထောက်ခံထားသည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပေးပို့ခဲ့ပြီး ယင်းဥပဒေ ပြဋ္ဌာန်းရေးမှာ အစိုးရအဖွဲ့နှင့် ဥပဒေပြုရေး အဖွဲ့တို့နှင့်သာ သက်ဆိုင်သဖြင့် ယင်းဝန်ကြီးဌာန များက ဥပဒေကြမ်း ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သမ္မထံသို့ ပြန်လည် ပေးပို့ခဲ့သည်။

ယင်းနောက် မျိုးစောင့်ဥပဒေ လေးခုအနက် ယခု ဥပဒေ နှစ်ခုသည် သာသနာရေး ဝန်ကြီးဌာနနှင့် လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန တို့နှင့် သက်ဆိုင်နေသောကြောင့် အုပ်ချုပ်ရေး၊ ပြင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ယဉ်ကျေးမှု ဆိုင်ရာ ဓလေ့ထုံးတမ်း ကျွမ်းကျင်သူများ ပူးပေါင်းရေးဆွဲ ရန် လိုအပ်ကြောင်းပါရှိသည့် သဝဏ်လွှာကို မတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment