Sunday 9 March 2014

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့တွေ့မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည့် ရက်သတ်မှတ်နိုင်ရန် မျှော်မှန်းထားသော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိုအဖြစ် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ယနေ့ (မတ်လ ၉ ရက်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များထံမှ သိရသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) ၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးခြောက်ဦး၊ တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး စုစုပေါင်း ခြောက်ဦးနှင့် လွှတ်တော် ကိုယ်စားလှယ် လေးဦးတို့ ပါဝင်မည် ဖြစ်ကြောင်း MPC မှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

“ဒီပွဲက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နောက်ဆုံး ညှိနှိုင်းမယ့် ဘားအံ ပွဲအတွက် အဓိက ဆွေးနွေးမှာ ဆိုတော့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စားလှယ်များ အဖြစ် အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း အပါအဝင် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင်ကြောင်း NCCT ထံမှ သိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများက တင်ပြထားသည့် လော်ခီးလာ အပစ်ရပ် မူကြမ်းအပေါ် အစိုးရက ၈၀ ရာခိုင်နှုန်းခန့် သဘောတူပါက ဘားအံ ဆွေးနွေးပွဲကို အမြန်ဆုံး ခေါ်ယူသွားမည် ဖြစ်ပြီး ဇွန်လ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကြိုးပမ်းမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ဘားအံ ဆွေးနွေးပွဲ အတွက် ရက်သတ်မှတ်နိုင်ဖွယ် ရှိသည့် ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ရန် NCCT ခေါင်းဆောင် အချို့မှာ ရန်ကုန်မြို့သို့ ရက်အတော်ကြာ ကြိုတင် ရောက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ဆက်တိုက် တွေ့ဆုံခဲ့သည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ အပါအဝင် ထိပ်သီး ခေါင်းဆောင်များနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံထားသည့် အပြင် KNU ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ရှိ ကရင်လူထု အဖွဲ့အစည်းများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးထားသည်။

The Voice Weekly

No comments:

Post a Comment