Tuesday 11 February 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဂျာမနီသမ္မတ အလေး ထားစောင့်ကြည့်နေ

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်ဝင်စားစွာ အလေးထား စောင့်ကြည့် နေသည်ဟု ဖေဖော်ဝါရီ ၉ ရက်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် ဂျာမနီသမ္မတ မစ္စတာ ယိုအာခင်ဂေါက်ခ်က ဖေဖော်ဝါရီလ ၁၀ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။


“နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အခြေခံဥပဒေလေ့လာသုံးသပ်ရေးဟာ မြန်မာအစိုးရ၊ အတိုက်အခံ၊ အရပ် ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ”ဟု ပြောသည်။

နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခန့်အကြာ တွေ့ဆုံအပြီး ညနေပိုင်းတွင် ၎င်းက သတင်း ထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်အဖွဲ့က လည်း စစ်မှန်သော ဒီမိုကရေစီပေါ်ပေါက်ရေး အတွက် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကို ငြိမ်းချမ်း၍တရား မျှတသောနည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ပူးတွဲကြေ ညာချက် ထုတ်ပြန်ထားသည်။

သတင်းထောက်တစ်ဦးက ယူနတီ အပတ်စဉ်ထုတ်စာစောင်တွင် ရေးသားဖော်ပြခဲ့သည့် လျှို့ဝှက်ဓာတု လက်နက်စက်ရုံ ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းက အဆိုပါသတင်းနှင့်ပတ်သက်၍ သိရှိထား ခြင်းမရှိကြောင်း ပြန်လည်ပြောဆိုခဲ့သော် လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ မှတ် ချက်ပေး ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့ကိစ္စတွေကို ထိထိရောက်ရောက် တတ်နိုင်သလောက် ကြိုးစားပြီးတော့ ဒီကအကြီးအကဲတွေနဲ့ စကားပြောနေပါတယ်။ အဲဒီကိစ္စသိခဲ့ရင် ကိုယ်စားလှယ်တွေနဲ့ ပြောခဲ့မှာပါ”ဟု ဂျာမနီသမ္မတက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုကဲ့သို့ တွေ့ဆုံမှုမှတစ်ဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ ပြုပြင် ပြောင်းလဲမှုများကို အထောက် အပံ့ ရစေမည် ယုံကြည်ကြောင်း သုံးသပ်လိုက်သော်လည်း ဂျာမနီသမ္မတ သည် ကိုယ်ချင်းစာရုံသာမက လက်တွေ့ကျရန် လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးရမည့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွား(Hugo Swire) ကလည်း တပ်မတော် အပါအ၀င် လက်ရှိအာဏာရပါတီများသည် ပူးပေါင်းပါဝင်ရန်လိုကြောင်းနှင့် ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အနာဂတ်မျိုးဆက်ကို အနှိုင်းမဲ့အမွေပေးနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလကုန်တွင် လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောဆိုထားသည်။

“တပ်မတော်ရဲ့ထောက်ခံမှုနဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာပါ။ ဒါဟာ တပ်မတော်ခေါင်းဆောင် မှုအပေါ် အနှိုင်းမဲ့အာဏာနဲ့တကွ အနှိုင်းမဲ့တာဝန်ကိုလည်း အပ်နှင်းထားတာ ဖြစ်ပါတယ်”ဟု ဟူဂိုဆွား က ဗြိတိသျှကောင်စီတွင် မြန်မာလူထုနှင့်တွေ့စဉ် ပြောဆိုခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ဂျာမနီသမ္မတ ယိုအာခင်ဂေါက်ခ်သည် အရှေ့ဂျာမနီတွင် ဆိုဗီယက်နောက်ခံ Socialist Unity Party of Germany ပါတီကို ငြိမ်းချမ်းစွာတော်လှန်ခဲ့သည့် New Forum အတိုက်အခံ အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သည်ကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဂျာမနီသမ္မတသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ၀န်ကြီးအဖွဲ့အချို့နှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာနှင့် ဂျာမနီနိုင်ငံ အကြား ကုန်သွယ်ရေးမြှင့်တင်မှုများ ဆွေးနွေးခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီလျှော့ချရေးနှင့် ချေးငွေ ပြန်လည်ပေးအပ်ချိန် ရွှေ့ဆိုင်းရေးဆိုင်ရာ သဘော တူညီချက်”ကို မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဂျာမနီနိုင်ငံဘက်မှ ကုန်သွယ်ရေး ၀န်ကြီးတို့က နှစ်နိုင်ငံသမ္မတများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံသည် ဂျာမနီနိုင်ငံသို့ ပေးချေရန် ကြွေးကျန်မည်မျှရှိသည်ကို တရားဝင်ပြောဆိုထားမှုများ မတွေ့ရသော်လည်း ဂျာမနီအပါအ၀င် ဖွဲ့စည်းထားသည့် ပဲရစ်ကလပ် (Paris Club)သို့ ဒေါ်လာ လေး ဘီလီယံခန့် အကြွေးကျန်ရှိနေကြောင်း အမျိုးသား စီပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ၏ စီးပွားရေး အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာဇော်ဦးက ပြည်တွင်းသတင်း ဌာနတစ်ခုသို့ ပြောဆိုထားသည်။ 

ယင်းသို့ပေးဆောင်ရန် အကြွေးကျန်များထဲမှ ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးရန် ဂျာမနီ-မြန်မာ သဘော တူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုမည်ဟုလည်း ဂျာမနီသံရုံး၏ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဂျာမနီသမ္မတသည် ဖေဖော်ဝါရီ ၁၀ ရက် နေပြည်တော်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံခဲ့သည်။

ဂျာမနီသမ္မတ ယိုအာခင်ဂေါက်ခ်သည် အိန်္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၉ ရက်က ရောက်ရှိခဲ့ရာ ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားမည်ဖြစ် ပြီး ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment