Tuesday 11 February 2014

အစာအဆိပ်သင့်မှုကြောင့် ဟုမ္မလင်းတွင် လူငါးဦးဆေးရုံရောက်

စစ်ကိုင်းတိုင်း၊ ခန်္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာတွင် ဖေဖော်ဝါရီ ၉ က အစာအဆိပ်သင့်မှု ကြောင့် ထမံသီတိုက်နယ်ပြည်သူ့ဆေးရုံတွင် လူငါးဦး အရေးပေါ်တင်ကုသထားရကြောင်း ထမံသီနယ် မြေရဲစခန်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်က ဦးကျော်မင်းစိုးသည် သစ်ပါးလွှာစက်ရုံဟောင်းတစ်ခုမှ ဟင်းချက်ဆား များ ယူဆောင်လာကာ ညနေပိုင်းတွင် ဇနီးဖြစ်သူ မတူးသည် ကြိမ်ဖူးထောင်းဟင်းချက်ပြုတ်ရာ၌ အဆို ပါဆားကို ထည့်သွင်းချက်ပြုတ်ကာ ကလေးများနှင့်အတူ စားသောက်ရာ ထမင်းစားပြီး မိနစ်ပိုင်းအတွင်း အော့အန်မူးဝေလာသဖြင့် ဆေးရုံသို့ အမြန်ဆုံးသွားရောက်ခဲ့သည်ဟု ထမံသီနယ်မြေရဲစခန်း ရဲမှတ်တမ်း တွင် ပါရှိသည်။

ဆေးရုံသို့ အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူနေသူများမှာ မတူး အသက် (၃၂)နှစ်၊ မောင်ကျော်သူရ အသက် (၁၁)နှစ်၊ မသီသီခိုင် အသက်(၈)နှစ်၊ မောင်ဖိုးအောင်ရင် အသက်(၅)နှစ်နှင့် မောင်ဖိုးဇော်နိုင် အသက်(၄)နှစ်ဆိုသူ လူငါးယောက်ဖြစ်ကြောင်း ထမံသီတိုက်နယ်ဆေးရုံ၏ အရေးပေါ်လူနာဌာန၏ လူ နာမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါလူနာများ၏ အခြေအနေနှင့်ပတ်သက်၍လည်း တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာမေဦးပုံကပြော ဆိုရာတွင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က အဆိုပါထမံသီဒေသရှိ သစ်ပါးလွှာစက်ရုံလုပ်သားများသည် အစာအဆိပ်သင့် မှုနှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး လူလေးဦးခန့် သေဆုံးခဲ့ရသော ဖြစ်စဉ်များရှိခဲ့ကြောင်း ရဲဌာန၏သေမှုသေခင်း ဆိုင်ရာ မှတ်တမ်းဟောင်းအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားထားသည်။

ကိုတိုးကြီး
Mizzima - News in Burmese

No comments:

Post a Comment