Tuesday 11 February 2014

ဝိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့၏ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပ

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့၏ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ အင်းယားကန်ဖျား ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။


ယင်းမင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲတွင် အနုပညာ မောင်နှမများနှင့် နှစ်ဖက် မိဘဆွေမျိုးများ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။ အဆိုတော်သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းနှင့် ခင်ပွန်းလောင်းတို့သည် မင်္ဂလာပွဲများ ပြီး ပါက ပျားရည်ဆမ်း ချစ်ခရီးထွက်ရှိမည်ဖြစ်ကြောင်းကို ယခုလိုပွင့်လင်းစွာ ပြောသည်။

“ဒီနှစ်ထဲမှာ ၀ိုင်းစုတို့ငယ်ငယ် ကျောင်းတက်တုန်းကတည်းက သူငယ်ချင်း လေးယောက် မင်္ဂလာဆောင် ကြတယ်။ ၀ိုင်းစု အပါအ၀င်ပေါ့။ အခု သုံးယောက်တော့ မင်္ဂလာဆောင် ပြီးသွားပြီ။ နောက် တစ်ယောက် မင်္ဂလာဆောင်အပြီးကို ၀ိုင်းစုတို့ စောင့်နေတာ။ သူမင်္ဂလာဆောင် ပြီးရင်တော့ ၀ိုင်းစုတို့ သူငယ်ချင်းလေး ယောက်၊ လေးစုံတွဲပေါ့၊ အားလုံးစုပြီး ဥရောပဘက်ကို ပျားရည်ဆမ်းခရီး ထွက်ကြမှာပါ” ဟု ယင်းကပြော သည်။

ဝိုင်းစုခိုင်သိန်းက ယင်း၏ ရှေ့ဆက်မည့် အနုပညာနှင့်ပတ်သက်ပြီး “၀ိုင်းစု အိမ်ထောင်ကျပြီးသွားပေမယ့် အနုပညာ အလုပ်တွေကို ရှေ့ဆက် ကြိုးစားလုပ်ကိုင်သွားမှာပါ။ ဂီတဘက်ကိုလည်း ၀ိုင်းစုအရင်ကထက် ကြိုးစားသွားပါ့မယ်။ ၀ိုင်းစုရဲ့ ပရိသတ်ကြီးကို ၀ိုင်းစုကို ဆက်ပြီး အားပေးပါလို့ ပြောချင်ပါတယ်” ဟု ပြော သည်။

ယင်းတို့နှစ်ဦး၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပ ခဲ့ပြီး မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ဆီဒိုးနားဟိုတယ်၊ မင်္ဂလာညစာစားပွဲကို ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီတွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တို့တွင် ကျင်းပပြုလုပ်မည်ဖြစ် သည်။

အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့သည် ချစ်ခရီးသက်တမ်း လေးနှစ်ကျော် သက်တမ်းတွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား တစ်ကိုယ်တော် စီးရီးများကို ထွက်ရှိခဲ့ပြီး ပရိသတ်များ၏ အားပေးမှုကို ရရှိအောင်မြင်ခဲ့သူ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment