![]() |
ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
|
နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ ပြုလုပ်သည့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လျှော့ချရေးနှင့် ချေးငွေပြန်လည် ပေးအပ်ချိန် ရွှေ့ဆိုင်းရေးဆိုင်ရာ သဘောတူညီချက်”ကို မြန်မာနိုင်ငံဘက်မှ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့် ဂျာမနီနိုင်ငံဘက်မှ ကုန်သွယ်ရေး ဝန်ကြီးတို့က နှစ်နိုင်ငံ သမ္မတများ ရှေ့မှောက် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ကြွေးမြီရာခိုင်နှုန်း ၅ဝ ကို လျှော်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ပဲရစ်ကလပ် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပဲရစ်ကလပ်အဖွဲ့ဝင် အိမ်ရှင်နိုင်ငံများအကြား Agreements of the recruitment of the debt of the Republic of the Union of Myanmar ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီမှုပေါ် မူတည်ပြီး ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိရန် ဆက်လက်ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်အရ ကြွေးရှင်းသည့် ပမာဏသည် ယူရိုသန်းပေါင်း ၁ဝ၈၄ သန်းကျော်ရှိပြီး ထိုငွေများအနက် ရာခိုင်နှုန်း ၅ဝ ကို ဂျာမနီနိုင်ငံဘက်မှ ကြွေးလျှော်ပေးခဲ့ပြီး ကျန်ရာခိုင်နှုန်း ၅ဝ ဖြစ်သည့် ယူရို ၅၄၂ သန်းကျော်အား အတိုးနှုန်း သုံးရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ် စုစုပေါင်း ၁၅ နှစ် ဖြင့် ပေးဆပ်သွားရမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် သမ္မတဦးသိန်းစိန်နှင့် ဇနီးတို့က ဂျာမနီသမ္မတနှင့် ဇနီးတို့အား ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် ဧည့်ခံခဲ့ပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ဂျာမနီနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အားပေးကူညီမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခုဂျာမနီသမ္မတ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြင့်စေမည် ဖြစ်ကြောင်း စသည်ဖြင့် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
ဂျာမနီသမ္မတက ပြန်လည်ပြောကြားရာတွင် ယခုခရီးစဉ်သည် ယခုပစ္စုပ္ပန်ကာလ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဂုဏ်ပြုလိုခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဂျာမနီနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အလေးထား စောင့်ကြည့်နေကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment