Tuesday 11 February 2014

နိုင်ငံတကာ အဖွဲ့အစည်းများ သတင်းမှား ထုတ်ပြန်မှု ပြန်ရုပ်သိမ်းရန် မောင်တောတွင် ဆန္ဒပြ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်မှာ မှားယွင်းနေသဖြင့် ပြန်ရုပ်သိမ်းရန် အဆိုပါ မြို့နယ်တွင် မြို့ခံ ၅၀၀ ကျော် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သူ ဦးခင်မောင်သန်းက ပြောကြားသည်။


ထုတ်ပြန်ချက် ပြန်ရုပ်သိမ်းရေး အပြင် INGO၊ NGO များ ၇ရက်အတွင်း မောင်တောမြို့နယ်မှ ထွက်ခွာရန်၊ ဒေသ လုံခြုံရေးကို ဆောင်ရွက်ပေးရန်၊ ၁၉၈၂ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ ဒုချီးရားတန်း ဖြစ်စဉ်တွင် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဆန္ဒပြမှုကို မောင်တောမြို့နယ်၊ သုံးမိုင် ကျေးရွာရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးရှေ့မှ စတင်ခဲ့ပြီး မောင်တောမြို့ အစွန်ရှိ နယ်စည်းမထား ဆရာဝန်များ အဖွဲ့- ဟော်လန် (MSF) ရုံးအထိ တစ်နာရီကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း မြို့ခံများထံမှ သိရှိရသည်။

ဆန္ဒပြပွဲကို မောင်တောမြို့နယ် ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံများ ပါဝင်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။

ကုလသမဂ္ဂအနေနှင့် သတင်းများ ထုတ်ပြန်ရာတွင် အတည်ပြုထားသည့် သတင်းများကိုသာ ထုတ်ပြန်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ထားသည့် ကြေညာချက်အတိုင်း လိုက်နာရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာ အဖွဲ့အစည်းများ သတင်း ထုတ်ပြန်ရာတွင် ဒုချီးရားတန်း ကျေးရွာတွင် လုံခြုံရေးများနှင့် ရခိုင်တိုင်းရင်းသားများ တိုက်ခိုက်၍ ဘင်္ဂါလီ လေးဆယ်ခန့် သေဆုံး ထုတ်ပြန်ခဲ့ကြပြီး ယင်းကိစ္စကို စုံစမ်း စစ်ဆေးပေးရန် မြန်မာအစိုးရကို ဖိအားပေးခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment