Tuesday 11 February 2014

သင်္ဃန်းကျွန်းဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ပြီ

သင်္ဃန်ကျွန်းမြို့နယ် ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေသိန်းတစ်ထောင်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က မဇ္ဈိမသို့ ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို ဖေဖော်ဝါရီ ၃ ရက်က စတင်ရရှိပြီး အ ဆိုပါရရှိငွေဖြင့် ရပ်ကွက် ၃၄ ခုရှိ လုပ်ငန်း ၆၆ ခုကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ငါးရပ်နဲ့ စတင် အကောင်အထည်ဖော်နေပါပြီ။ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ထဲမှာ ပါတဲ့ အချက်တွေကို သေချာစွာ၊ နည်းလမ်းမှန်စွာ လုပ်ပေးသွားမယ်။ ရပ်ကွက်အလိုက်ချပေးတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ရင် ထိရောက်စွာ အရေးယူသွားမည်”ဟု ၎င်းက ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် စုစုပေါင်း ငွေကျပ် ၉၇၇ သိန်းကို ရပ်ကွက်အတွင်းရှိ သောက်သုံးရေရရှိရေး၊ လမ်းတံတားများ ပြုပြင်ရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ ပြုပြင်မွမ်းမံရေးနှင့် ကျန်းမာရေးဆိုင် ရာအဆောက်အအုံများ ပြုပြင်မွမ်းမံရေးအတွက် အသုံးပြုမည်ဟု ဆိုသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့တွင် ဥက္ကဋ္ဌဦးသိန်းညွန့် ဒုတိယဥက္ကဋ္ဌ ဦး ကျော်၊ အတွင်းရေးမှူးဒေါ်စန်းစန်းမြင့်၊ အဖွဲ့ဝင်ဦးဖုန်းမြင့်အောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တို့က တာဝန်ယူ ဆောင်ရွက်မည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း (၃၈)ရပ်ကွက်ရှိရာ ရပ်ကွက်(၄)ခုမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ချ မှတ်ပေးရန်မလိုအပ်ဘဲ ကျန်သည့်ရပ်ကွက် (၃၄)ခုကို ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အကောင်အထည် ဖော်မည်ဖြစ်သည်။ အဆိုပါ ဖွံ့ဖြိုးရေးရန်ပုံငွေ ငွေကျပ်သိန်းတစ်ထောင်ထဲတွင် ငွေကျပ် ၉၇၇ သိန်းကို ရပ်ကွက်အတွင်းရှိ လုပ်ငန်းစဉ်များအတွက် ချမှတ်ပေးခဲ့ပြီး သိန်းတစ်ထောင်၏သုံးရာခိုင်နှုန်းအား ရုံးလုပ် ငန်းများအတွက် ချမှတ်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါရန်ပုံငွေ ကျပ်သိန်းတစ်ထောင် သုံးစွဲရန် “ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း”ကို နိုဝင်ဘာ ၁၅ ရက်က နိုင်ငံတော်သမ္မတက ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment