Tuesday 11 February 2014

ထိုင်းဝန်ကြီးချုပ်ကို ထိုင်းရွေးကောက်ပွဲကော်မရှင် ဖိတ်ခေါ်ဆွေးနွေးမည်

ထိုင်းနိုင်ငံ မဲဆန္ဒနယ် ၂၈ နယ်တွင် မဲပေးရန် မှတ်ပုံတင်ထားသူ တစ်စုံတစ်ဦးမျှ မရှိသည့်ကိစ္စကို တွေ့ဆုံ ဖြေရှင်းသွားရန်အတွက် ၀န်ကြီးချုပ်ယင်လပ်အား ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် (EC) က ပြောကြားလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။


ထို့အတူ မဲပေးရမည့် ရက်စွဲအသစ် တစ်ခုအတွက် ထိုင်းဘုရင်မင်းမြတ်က အမိန့်စာ ထုတ်ပေးရေးကို အစိုးရက ပန်ကြားရန်အတွက် ၀န်ကြီးချုပ်ယင်လပ်ထံသို့ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ စာတစ်စောင် ပေးပို့သွားမည်ဟု ရွေးကောက်ပွဲကော်မရှင် အထွေထွေ အတွင်းရေးမှူး ပူချွန်းနူထရာဝမ်က ပြောကြားထားသည်။

တစ်ချိန်တည်းတွင် အစိုးရအနေဖြင့် ယင်းအဆိုပြုချက်ကို ငြင်းဆန်ပါက ရွေးကောက်ပွဲကော်မရှင် အနေ ဖြင့် ဖွဲ့စည်းပုံ အခြေခံခုံရုံး၏ ဆုံးဖြတ်ချက်ကိုရယူရန် ဒီမိုကရက်ပါတီမှ တောင်းဆိုထားသည်။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များအတွက် ထပ်မံမဲပေးခြင်းကို လာမည့်လအတွင်း ပြုလုပ်သွားမည် မဟုတ် ဟုလည်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်သည်။ ယင်းအချိန်သည် မတ်လ ၃၀ရက်၌အထက် လွှတ်တော်အမတ်များ ရွေးချယ်မည့်အချိန် ဖြစ်သည့်အတွက် ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

တစ်ချိန်တည်းတွင် ပြည်သူ့ဒီမိုကရေစီ ကောင်စီ ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) မှ ဦးဆောင်ပြု လုပ်နေသည့် ဆန္ဒပြမှုများမှာလည်း ဧပြီလ သင်္ကြန်ပွဲတော်အထိ ရှိနေလိမ့်မည်မဟုတ်ဟု အမျိုးသားလုံခြုံ ရေးကောင်စီက ခန့်မှန်းထားသည်။ ဆန္ဒပြသမားများအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုများကို အာဏာပိုင် များမှ ပိတ်ပင်တား မြစ်ထားခြင်းကြောင့် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment