Saturday 21 December 2013

KIA က ဖမ်းဆီးထားသူများကို လွတ်ပေးရန် ရှမ်းမျိုးနွယ်စုများ ဆန္ဒဖော်ထုတ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသားများ အား ပြန်လည်လွှတ်ပေး ရန် ယနေ့ (ဒီဇင်ဘာလာ ၂၀ရက်)တွင် ရှမ်းတိုင်းရင်းသားက ရှမ်းစုမြောက်ရပ်ကွက်ရှိ ဝန်တိုကျောင်းဝင်း အတွင်း၌ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ နာယက ဦးစိုင်းသာဇုံက မဇ္ဈိမကို ပြောသည်။
“၈ နာရီက ၁၁ နာရီခွဲလောက်ထိ လူက ၂သောင်း ၅ထောင်ဝန်းကျင်လောက်ရှိတယ်၊ ကျွန်တော်တို့ အပြင် ကို မထွက်တော့ဘူး။ ကျွန်တော်တို့ တရားဝင်ခွင့်ပြုချက် မရတာနဲ့ ဥပဒေကို ဆန့်ကျင်ပြီး မလုပ်ချင်ကြ လို့ ဝန်းတိုကျောင်းထဲမှာပဲ လုပ်လိုက်ပါတယ်”ဟု ဦးစိုင်းသာဇုံက ပြောသည်။
သို့သော် ဝန်တိုကျောင်းတိုက်ဆရာတော်တစ်ပါးဖြစ်သည့် ဥူးဝီလာသကမူ ဆန္ဒထုတ်ဖော်သည့် လူဦးရေမှာ ၁၂၀၀ကျော်သာ ရှိမည်ဟု မဇ္ဈိမကို မိန့်ကြားသည်။

မူလက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ငြိမ်းချမ်းရေး ညှိနှိုင်းမည့် အလုပ် အဖွဲ့ရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော်လည်း အစိုးရ၏ ခွင့်ပြုချက် မရသဖြင့် ရှမ်းစုမြောက်ရပ် ကွက်ရှိ ဝန်းတိုကျောင်းဝင်းမှာ ဘဲ ကြွေးကြော် သံ များနှင့် အတူ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ် သည်။

ထို့အပြင် ဆန္ဒထုတ်ဖော်မှုအပြီးတွင် KIAက ဒေသခံ ရှမ်းလူထုအပေါ် အဓမ္မ တပ်သားသစ်ကောက်ခံခြင်း၊ ဆက်ကြေးကောက်ခံခြင်း လုံးဝ ရပ်ဆိုင်းရန်၊ ဖမ်းဆီးထားသူတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးနိုင်ခြင်း မရှိသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်းနှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ လတ်တလော အစိုးရ၏ စစ်တပ်နှင့် KIA တပ်များ တိုက်ပွဲ ဖြစ် ပွားနေသော ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဖွ၊ ဟန်ထက်ကျေးရွာ၊ မန်ဝင်းလေး စသည့် ကျေး ရွာ များမှ ဒေသခံ ရွာသား ၉၀ ကျော်ကို KIA တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဦးစိုင်းသာဇုံက ပြောသည်။

“KIA က ရှမ်းလူမျိုးတွေကို အဓမ္မ တပ်သားသစ် စုဆောင်းတယ်။ အဓမ္မဆက်ကြေးတွေ ကောက်ခံတယ်။ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်။ အဲဒီဟာတွေကို နှစ်ပေါင်း ၅၀ တိတိခံစားရတယ်။ ခံစားလာခဲ့ရတာ အခု ဒီဇင်ဘာလ ၄ ၇က်နေ့မှာ လူပေါင်း ၂၀ ကျော်။ ၇ ရက်နေ့မှာ ၄၀၊ ၈ ရက်နေ့မှာ ၃၀ လူပေါင်း ၉၀ ကျော် ဖမ်းဆီးခဲ့တာကို ကျွန်တော်တို့ ရှမ်းလူမျိုးတွေ မခံမရပ်နိုင်လို့ ဆန္ဒဖော်ထုတ်တာပါ”ဟု ဆက်ပြောသည်။
နောက်ဆုံးရရှိသောသတင်းအရ ယခုရက်ပိုင်းမှာဘဲ ဖမ်းဆီးခံရသူများထဲမှ လူ ၃၂ ဦးကို KIA ထံမှ ပြန်လည် လွတ်မြောက်လာပြီဟု သိရပြီး ၅၃ ဦး ဆက်လက် ဖမ်းဆီးခံထားရသည်ဟု သူက ဆက်ပြောသည်။
KIOက အရပ်ဘက်အရာရှိ ဦးဒွဲပီဆားကမူ အရှမ်းမျိုးနွယ်စု ဒေသခံများအား တပ်သားသစ်စုဆောင်းမှု ရှိသော်လည်း ယခုကဲ့သို့ KIA ကို ဆန္ဒဖော် ထုတ်နေခြင်းသည် အစိုးရမှ သွေးခွဲလုပ်ဆောင်နေခြင်း သာ ဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။

“တိုက်ပွဲဖြစ်နေတုန်းဆိုတော့ တပ်သားသစ်စုဆောင်းတာတော့ ရှိတော့ရှိမယ် ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အသေးစိတ် မသိဘူး။ ရှမ်းမျိုးနွယ်တွေကို အများကြီး စုဆောင်းတာ မရှိဘူး။ ခုဆန္ဒ ဖော်ထုတ်တာက ရှမ်းမျိုးနွယ်စုကို ငှားပြီး လုပ်တယ်လို့ဘဲ နားလည်တယ်။ ကျွန်တော်တို့ ကချင်နဲ့ ရှမ်းသွေးကွဲအောင် လုပ်တာပဲ”ဟု ဦးဒွဲပီဆားက ပြောသည်။
ယနေ့ ဆန္ဒဖော် ထုတ်လာသူများထဲတွင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နမ်းမား၊ မအိုပင်၊ တာမခံ၊ ဖားကန့်၊ အင်းတော်ကြီး၊ ကားမိုင်း၊ ပင်းဘော၊ နန်းဂွင်၊ မိုးကောင်း၊ ဆားမှော်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့် မြို့များမှ ရှမ်းလူမျိုးများက လာရောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ရှမ်းမျိုးနွယ်စုများသည် မူလအစီအစဉ်အရ အင်အား ၄ သောင်းခန့် မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment