Saturday 21 December 2013

ပြည်ပလေကြောင်းလိုင်း ဥပဒေ လာမည့် ဘဏ္ဍာနှစ်အတွင်း စသုံးမည်

ပြည်ပ လေကြောင်းလိုင်းများ ဆိုက်ရောက်နှင့် ထွက်ခွာရာတွင် အခွန်ကောက်ခံမှု ဥပဒေ မရှိခြင်းကြောင့် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေပြီး ယင်းဥပဒေကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးထံမှ သိရသည်။
အဆိုပါ အခွန်ဥပဒေကို လာမည့် ဘဏ္ဍာနှစ်အတွင်း အသုံးပြုနိုင်ရန်အတွက် အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးတို့မှ တာဝန်ရှိသူများ ဆွေးနွေး၍ ဝန်ကြီးများရုံးနှင့် ပြည်ထောင်စု အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါရုံး ဌာနမှူး ဦးတင်ထွန်းနိုင်က The Voice သို့ ပြောကြားသည်။  “အစိုးရပိုင်း ပြီးတာနဲ့ လွှတ်တော် တင်မယ်” ဟု ၎င်းကပြောဆိုသည်။

လက်ရှိ ပြည်ပလေကြောင်းပိုင်း ဆိုင်ရာ အခွန်ကောက်ခံပုံ စနစ်များသည် ဥပဒေ သတ်မှတ်ထားခြင်း မရှိဘဲ အထက်အမိန့် အနေဖြင့်သာ ကောက်ခံနေရခြင်း ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြော ဆိုသည်။  “အခွန် ဥပဒေပြင်ဖို့ ကျွန်တော်တို့ ဆွေးနွေးနေတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

ယင်းဥပဒေ ပြဋ္ဌာန်းနိုင်ရန် အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ကုမ္ပဏီများ ဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးနှင့် ပြည်ပ လေကြောင်းလိုင်း ၁၃ ခုသည် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြည်ပ လေကြောင်းလိုင်း လုပ်ငန်းရှင် များ မပါဝင်ဘဲ ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေများနှင့် မလိုအပ်သည့် ဥပဒေများကို ထပ်မံဆွေးနွေးရန် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment