Saturday 21 December 2013

မြေအရောင်းအဝယ် အေးသော်လည်း တိုက်ခန်းနှင့် ကြိုပွိုင့်များ အရောင်းတက်

ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် မြေကွက်နှင့် လုံးချင်းများ အရောင်းအဝယ် အေးနေသော်လည်း တိုက်ခန်းများနှင့် ကြိုပွိုင့် ရောင်းချသော တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအဝယ် မြင့်တက်နေကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

လုံးချင်းအိမ်များ၏ ဈေးနှုန်း အဆမတန် မြင့်မားနေခြင်း၊ ဇုန်သတ်မှတ်မှု တည်နေရာများကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် ရင်းနှီးမြှုပ်နှံသူများက မြေကွက်များကို ဝယ်ယူခြင်း မရှိသေးဘဲ စောင့် ကြည့်နေကြောင်း၊ မြေကွက်နှင့် လုံးချင်းအိမ်များသည် အရောင်းအဝယ် နည်းပါးလျက် ရှိပြီး ဈေးနှုန်း သက်သာသော တိုက်ခန်းများနှင့် ကြိုပွိုင့် ရောင်းချသော တိုက်ခန်း၊ ကွန်ဒိုများကို ဝယ်ယူလာခြင်းကြောင့် အရောင်း အဝယ် ဖြစ်လာကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ မန်နေဂျာ ဦးရန်အောင် က ပြောကြားသည်။ “ဆောက်တုန်းမှာ ဝယ်ထားပြီး ဆောက်တာ ပြီးရင်တော့ ဈေးမြင့်နဲ့ ပြန်ရောင်းကြတဲ့ သဘောပါပဲ” ဟု ၎င်းက ပြောဆိုသည်။
ကျပ်သိန်း ၃၅၀၀ ဝန်းကျင် တန်ဖိုးရှိသော လုံးချင်းများနှင့် ကွန်ဒိုခန်း များကိုလည်း ဝယ်ယူမှု ရှိကြောင်း မြန် မာနိုင် ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင် က ပြောကြား သည်။ “ဇုန်သတ်မှတ်ချက် မထွက်သေးတော့ အထပ်မြင့်ဆောက်ဖို့ ဝယ်ထားပြီးမှ ဆောက်လို့ မရတဲ့ ဇုန်ထဲပါနေရင် အရှုံးပေါ်ကြမှာ စိုးရိမ်နေကြလို့ပါ” ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဇုန်အမျိုးအစား ၁၁ မျိုး ခွဲခြား သတ်မှတ်မည်ဟု ကြေညာ ခဲ့သော်လည်း အထပ်မြင့် ဆောက်လုပ်ခွင့် ဇုန်နေရာကို လတ်တလော ထုတ်ပြန်လိုက်ပါက အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ တက်သွားနိုင်သောကြောင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ ပြုလုပ်သော မြို့မြေအသုံးချမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် မြို့ပြစီမံကိန်း ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment