Saturday 21 December 2013

အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် ရေဒီယိုနှင့် စက်ပစ္စည်းများ အဓိကပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို ခန့်အပ်

အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ အတွက် အဓိက ပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို ခန့်အပ်လိုက်ကြောင်း Ooredoo Myanmar မှ သတင်းရရှိသည်။
၂၀၁၄ ခုနှစ်တွင် အူရီးဒူး မြန်မာသည် 3G မိုဘိုင်း အင်တာနက် ၀န်ဆောင်မှုများကို မြန်မာနိုင်ငံ တစ်ဝန်းတွင် စတင် မိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုများ ပေးနိုင်ရန် အဓိက လို အပ်သော ရေဒီယို စက်ပစ္စည်းများနှင့် ယင်းကဲ့သို့ ၀န်ဆောင်မှုများကို ပံ့ပိုးသည့် Nokia Solutions & Networks (NSN) ကုမ္ပဏီကို အဓိက ပံ့ပိုးသူတစ်ဦးအဖြစ် ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၂၀ ရက် က ကြေညာလိုက်သည်။ ထို့ကြောင့် မကြာမီကာလတွင် ကြိုးမဲ့မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှု များကို ပြည်တွင်း၌ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

''အခုလို ခန့်အပ်လိုက်တာဟာ ဒီကသုံးစွဲသူတွေကို ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေပေးမယ့် ကွန်ရက်က တစ်ဆင့် အကောင်းဆုံး အတွေ့အကြုံတွေ ရစေမယ်လို့ ကတိက၀တ် ပြုလိုက် တာပဲ ဖြစ်ပါ တယ်။ မြန်မာပြည်သူ လူထုက စိတ်ကြိုက်ရွေးချယ်ထားတဲ့ ၀န်ဆောင်မှု ကုမ္ပဏီ ဖြစ်ရေးဆိုတဲ့ ကျွန်တော် တို့ရဲ့ ဦးတည်ချက်ကို NSN ဟာ ကူညီဖော်ဆောင်သွားနိုင် လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု အူရီးဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။

နှစ်နှစ်တာ စာချုပ်သက်တမ်း အတွင်း၌ NSN သည် ဘက်စုံထိန်းချုပ်နိုင်သော ရေဒီယိုလှိုင်း ကွန်ရက် ထိန်းချုပ်စက် (Multicontroller Radio Network Controller-mcRNC) နှင့် စွမ်းအင်ချွေတာသည့် ကွန်ရက် ချိတ်ဆက်မှု၊ လိုင်းအား အလွန်ကောင်းသော ရေဒီယိုလှိုင်းကွန်ရက် ချိတ်ဆက်မှု စက်ပစ္စည်းတို့ကို အခြေခံ လျက် ၉၀၀ နှင့် ၂၁၀၀ ရေဒီယို လှိုင်းများပေါ်တွင် 3G ရေဒီယိုကွန်ရက် လမ်းကြောင်းကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အူရီးဒူးမြန်မာ၏ အဓိကကျသော ကွန်ရက်ပံ့ပိုးသူ အနေဖြင့် Nokia Solutions & Networks သည် မိုဘိုင်းချိတ်ဆက်သော ပင်မဆာဗာ၊ အချက်အလက်များနှင့် အသံပိုင်းဆိုင်ရာ ထုတ်လွှင့်ချက်များရှိရာ Open Media Gateway(MGW) ကို ဖွင့်လျက် ကွန်ရက်ချိတ်ဆက်သော စက်ပစ္စည်းအတွင်း၌ အဓိကကျသော ကွန်ရက်ပေါင်း များစွာကို တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်သော Liquid Core ကို ပေးသွားမည်ဟု သတင်းရရှိသည်။

''အူရီးဒူးမြန်မာနဲ့ လက်တွဲပြီး ပြည်တွင်းမှာ ဆက်သွယ်ရေးကဏ္ဍရဲ့ တိုးတက်ပြောင်းလဲပုံ အဆင့်ဆင့်ကို ပုံဖော်သွားမှာပါ'' ဟု NSN ၏ အာရှနှင့်ပစိဖိတ်ရေးရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Paul Tyler က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment